NSPNC နှင့် ဆွေးနွေးမှုကို အပစ်ရပ် ၇ ဖွဲ့ ပြန်လည်သုံးသပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးရန်အပါအဝင် လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေများကို ပြန်လည်သုံးသပ်ရန်အတွက် NCA အပစ်ရပ် ၇ ဖွဲ့က ဇွန်လ ၁၈ ရက်နေ့ တွင် ထိပ်သီးခေါင်းဆောင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် လုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့် က ယခုကဲ့သို့ ပြောသည်။
“ဒီ အစည်းအဝေးကို က ကျနော်တို့ အခေါ်အရကတော့ ဦးဆောင်အဖွဲ့ အစည်းအဝေးပေါ့ဗျာ။ အဲဒါကတော့ ပြီးခဲ့တဲ့ ကျနော်တို့ ၉-၁၀ ရက်နေ့တုန်းက ကျနော်တို့ NSPNC နဲ့ ကျနော်တို့ သွားရောက်ပြီးတော့ တွေ့ဆုံတာ ရှိတယ်လေ။ အဲဒီမှာ ကျနော်တို့ NSPNC က တင်ပြတဲ့ဟာတွေ ကျနော်တို့ဖက်က တင်ပြတဲ့ဟာတွေအပေါ်မှာ ကျနော်တို့ ထိပ်သီးအစည်းအဝေးမှာ အဲဒါတွေပဲ ပြန်လည်ပြီးတော့ အစီရင်ခံတင်ပြဖို့ အဓိက အကြောင်းဖြစ် ပါတယ် ခင်ဗျာ။”
အစည်းအဝေးအပြီး 7 EAO Alliance ၏ ထုတ်ပြန်ချက်ထဲတွင်လည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ များအား သုံးသပ်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်သော 7 EAO Alliance နှင့် NSPNC တို့၏ ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ 7 EAO ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ အစီရင်ခံ တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် ယခုပြုလုပ်ခဲ့သည့် အစည်းအဝေးမှ 7 EAO Alliance နှင့် NSPNC တို့ ပူးတွဲပြီး မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲအတွက် လိုအပ်သော လမ်းညွှန်မှုများ ချမှတ် ခြင်းနှင့် တာဝန်ပေးအပ်မှုများကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
စစ်အုပ်စုနှင့် တွေ့ဆုံစဉ်က အပစ်ရပ် ၇ ဖွဲ့ဖက်က အချက် ၉ ချက်ကို တင်ပြဆွေးနွေးခဲ့ပြီး လက်ရှိ ပဋိပက္ခထဲတွင် ပါဝင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာအောင် ကြိုတင် ကန့်သတ်ချက်များ မပါဘဲ အပစ်ရပ်ကြေညာရန်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။
“ကျနော်တို့ လုပ်ငန်းစဉ်အနေနဲ့ ၉ ချက် ကျနော်တို့ တင်ပြပါတယ်။ နံပါတ်တစ်ကတော့ ဒီ အစိုးရသစ်အနေနဲ့ ပေါ့လေ နိုင်ငံရေး ဖြေလျော့မှုတွေ လုပ်ပြီးတော့ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ပေါ်လစီ မူဝါဒတွေ နောက်လုပ်ငန်းစဉ်တွေ ယန္တရားတွေ အဲဒါ အတိအကျ ဘယ်လိုဖွဲ့စည်းထားသလဲဆိုတာကို ကျနော်တို့ မေးမြန်းဖြစ်တာပေါ့။ နောက်တစ်ချက်ကတော့ ကျနော်တို့ အဆိုပြုတဲ့ အချက်ထဲမှာတော့ ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးမှုတွေမှာ ပါဝင်လာနိုင်အောင်ပေါ့လေ အစိုးရအနေနဲ့ပဲ ဖြစ်ဖြစ် လက်ရှိလက်နက်ကိုင် ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အင်အားစုတွေပဲ ဖြစ်ဖြစ် ဘာမှကြိုတင်ကန့်သတ်ချက်တွေ မထားဘဲနဲ့ အပစ်ရပ် ကြေညာနိုင် အောင်လည်း ဒါကြိုးပမ်းဆောင်ရွက်ပေးဖို့ ကျနော်တို့ တင်ပြတာရှိတယ်။”
ထို့ပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းကြားတွင် ယုံကြည်မှု တည်ဆောက်ရန် နှင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်နေရာများကို တသမတ်ထဲ သတ်မှတ်ထားခြင်းမျိုး မဟုတ်ပဲ အဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးနိုင်မည့် နေရာ၊ ဒေသ အခင်းအကျင်းမျိုးကို ဖန်တီးပေးရန် ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
လက်ရှိ စစ်ရေး နိုင်ငံရေး ပဋိပက္ခထဲတွင် ဒုက္ခရောက်နေကြရသည့် အရပ်သားပြည်သူများအတွက် ပညာရေး ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးကူညီပေးရန်အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် များတွင် နိုင်ငံတကာ၏ ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများ အစရှိသည့် အချက်များကို တင်ပြဆွေးနွေးခဲ့ သည်ဟု 7 EAO Alliance က ပြောသည်။
ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပပြုခဲ့သည့် NCA အပစ်ရပ် ၇ ဖွဲ့၏ ဦးဆောင်အဖွဲ့ အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့်အတူ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြသည်ဟု 7 EAO Alliance က ဆိုသည်။