အန္တာတိကတွင် ကြက်ငှက်တုတ်ကွေးကြောင့် ထောင်နှင့်ချီသော ပင်လယ်ဖျံများသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်။ 

ဩစတြေးလျနိုင်ငံအနောက်တောင်ဘက် တောင်ဝန်ရိုးစွန်းဒေသ ရှိ ဝေးလံခေါင်ဖျားသော ကျွန်း ၂ ကျွန်းတွင် ငှက်တုပ်ကွေး ရောဂါကြောင့် ပင်လယ်ဖျံ ကြီးမျိုး ဖြစ်သည့် တောင်ပိုင်း ပင်လယ်ဆင် သားပေါက် ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု သုတေသနတစ်ခုက ဆိုသည်။ 

ဩစတေးလျ တောင်ဘက် ကီလိုမီတာ ၄,၀၀၀ ခန့်အကွာ အန္တာတိက ဒေသတွင်းရှိ ဩစတြေးလျပိုင် ဟာ့ဒ်ကျွန်း (Heard Island) နှင့် မက်ဒေါ်နယ်ကျွန်း (McDonald Islands) တို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

သိပ္ပံပညာရှင်များ၏ ဒရုန်းဖြင့် စစ်တမ်းကောက်ယူမှုနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးချက်များအရ ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ ဟာ့ဒ်ကျွန်းပေါ်ရှိ ပင်လယ်ဆင်သားပေါက်ကောင်ရေ ၁၇,၀၀၀ ကျော်အနက် ၁၃,၀၀၀ ကျော်မှာ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသည်။ 

အချို့သော နယ်မြေများတွင် သေဆုံးမှုနှုန်းမှာ ၉၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ စစ်တမ်းကောက်ယူနေစဉ် အတွင်း၌ပင် ဆက်လက်သေဆုံးနေဆဲဖြစ်ကြောင်း သုတေသီများက ထုတ်ပြန်သည်။ 

အဆိုပါ ကျွန်းစုများပေါ်ရှိ သက်ရှိမျိုးစိတ် ၉ မျိုးမှ နမူနာများရယူ စစ်ဆေးခဲ့ရာ တောင်ပိုင်းပင်လယ်ဆင်၊ အန္တာတိက ဖျံ (Antarctic fur seal) အပြင် ကင်းပန်ဂွင်း (King Penguin) နှင့် ဂျန်တူးပန်ဂွင်း (Gentoo Penguin) အပါအဝင် မျိုးစိတ် ၆ မျိုးတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပိုးတွေ့ရှိခဲ့သည်။ 

ထို့ပြင် ပန်ဂွင်းကောင်ရေ အများအပြား သေဆုံးမှုမှာလည်း ပုံမှန်ထက် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဇီဝဗေဒပညာရှင် ဒေါက်တာ ဂျူလီ မက်အင်းနက်စ် (Dr. Julie McInnes) က ဤပိုးတွေ့ရှိမှုသည် ဩစတြေးလျနိုင်ငံပြင်ပပိုင်နက်နယ်မြေတွင် ပထမဆုံးအကြိမ် ကူးစက်မှုဖြစ်သည်ဟု ဆိုသည်။ 

ဗိုင်းရပ်စ်ပိုးသည် အင်တာတိကစက်ဝိုင်းအနီး ဒေသများ၌ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျား ပြန့်ပွားနေသည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကီလိုမီတာ ၁,၈၀၀ ကွာဝေးသော ပြင်သစ်ပိုင် ခရိုဇက်ကျွန်းစု (Crozet Islands) မှ ရွှေ့ပြောင်းငှက်များတစ်ဆင့် ကူးစက်လာခြင်း ဖြစ်မည်ဟု ပညာရှင်များက ယူဆထားကြသည်။

ဩစတြေးလျ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မာရေးဝပ် (Murray Watt) က ယခုပင်လယ်ဆင်များ အစုလိုက်အပြုံလိုက် သေဆုံးမှုသည် အလွန်တုန်လှုပ်စရာကောင်းပြီး၊ ဗိုင်းရပ်စ်ပိုးသည် ဩစတြေးလျ ပြည်မကြီးအထိ ကူးစက်ပျံ့နှံ့လာနိုင်သည့် အန္တရာယ်ရှိနေ၍ ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားရန် သတိပေးထားသည်။ 

လက်ရှိတွင် ဩစတြေးလျ အန္တာတိကဆိုင်ရာ စီမံချက်အဖွဲ့ က ၎င်းတို့ပိုင်နက်နယ်မြေများအတွင်း ရောဂါကူးစက်မှုအခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။