ပြင်သစ်နိုင်ငံ အပူလှိုင်းကြောင့် လမ်းမ ဂီတပွဲတော်တွင် အရက်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။ 

အပူဒဏ် ပြင်းထန်နေမှုကြောင့် ပြင်သစ်အာဏာပိုင်များသည် နိုင်ငံတစ်ဝန်း လူဦးရေ သန်းနှင့်ချီ၍ ဆင်နွှဲကြမည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော “လမ်းမပေါ်က ဂီတပွဲတော်” (Fête de la Musique) ကာလအတွင်း အများပြည်သူဆိုင်ရာ နေရာများ၌ အရက်သေစာ သောက်စားမှုကို အရေးပေါ် ပိတ်ပင်လိုက်သည်။ 

ပြင်သစ်နိုင်ငံ၌ အပူလှိုင်းပြင်းထန်မှုကြောင့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ပြီး အရက်သောက်သုံးမှု ပိတ်ပင် ပြင်သစ်နိုင်ငံ မြို့တော်ပါရီ အပါအဝင် နိုင်ငံတစ်ဝန်းလုံး၏ ထက်ဝက်နီးပါးတွင် အပူချိန်များ စံချိန်တင် မြင့်မားလာနေခြင်းဖြစ်သည်။ 

ယနေ့တနင်္လာနေ့အတွက် အမြင့်ဆုံးအဆင့် “အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်” (Red Heatwave Alert) များ ထုတ်ပြန်ထားရသည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုး (Bordeaux) မြို့တွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ အရေးပေါ် လူနာတင်ယာဉ်စနစ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အပူဒဏ်ကြောင့် ထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကိုသာ အပြည့်အဝ အာရုံစိုက် စောင့်ရှောက်နိုင်ရန်အတွက် ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယနေ့တွင် အပူချိန်သည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သဖြင့် စာသင်ကျောင်းပေါင်း ၈၅၀ နီးပါးကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ထားရပြီး၊ အခြားစာသင်ကျောင်း ၁,၅၀၀ ကျော်ကိုလည်း ကျောင်းသားများကို စောစီးစွာ ပြန်လွှတ်ရန် ညွှန်ကြားထားသည်။ 

ယခုကဲ့သို့ အပူချိန် မြင့်တက်လာရခြင်းမှာ ဆဟာရသဲကန္တာရမှ တိုက်ခတ်လာသည့် လေပူများသည် ဥရောပအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများပေါ်တွင် ပိတ်မိနေခြင်းကြောင့် ဖြစ်သည်။ 

ပါရီမြို့အာဏာပိုင်များကမူ မိဘပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များ အပူဒဏ်သက်သာစေရန် မြို့တွင်းရှိ ပန်းခြံများနှင့် ဥယျာဉ်များကို ညဘက်တွင် ပိတ်ခြင်းမပြုဘဲ တစ်ညလုံး ဖွင့်လှစ်ပေးထားကြောင်း သိရသည်။