စစ်တပ်က သိမ်းမိပြီ ဆိုသော်လည်း ခမ်းပတ်မြို့တွင် တိုက်ပွဲများ ဆက်ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဗျူဟာမြောက် ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ဘက်က ထုတ်ပြန်ထားသော်လည်း မြို့ပေါ်ရပ်ကွက်များအတွင်း၌ ဇွန်လ ၂၂ ရက်အထိ နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု တမူးအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ၂ နှစ်နီးပါးကြာ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို စစ်တပ်က ပြန် လည်ရရှိပြီဟု ဇွန်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

စစ်တပ်၏ ထုတ်ပြန်ချက်အရ ကလေးမြို့ဘက်မှ တက်လာသည့် စစ်ကြောင်းသည် ကလေး-တမူး လမ်းကြောင်း တစ်လျှောက်ရှိ အရှေ့ခုံသာ၊ ၅၅ မိုင်နှင့် ၅၆ မိုင်ကျေးရွာတို့ကို ထိန်းချုပ်နိုင်ခဲ့သလို၊ တမူးမြို့ဘက်မှ ဆင်းလာ သည့် စစ်ကြောင်းကလည်း နန်းမွတ်တား၊ ရန်လင်းပိုင်ကျေးရွာနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တော်လှန်ရေး စခန်း များကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရာဇဂြိုဟ်ကျေးရွာနှင့် ရေလှောင်တမံ၊ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင်၊ ခွန်နိုင်းနှင့် နန်းခေါက်ခေါက် ကျေးရွာတို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၀ ရက်နေ့တွင် ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

သို့သော်လည်း မြေပြင်တွင် နှစ်ဖက်တိုက်ပွဲများ ပြီးဆုံးသွားခြင်းမရှိဘဲ လေကြောင်းပစ်ကူများ၊ စစ်မှုထမ်း သင်တန်းဆင်းသစ်များကိုပါ အင်အား အလုံးအရင်းသုံး၍ စစ်တပ်က စစ်မျက်နှာဖွင့်ထားဆဲဖြစ်သည်။

ယခုထိုးစစ်သည် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယ ခရီးစဉ်အပြီး နှစ်နိုင်ငံအကြား သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်တပ်က နယ်စပ်လမ်းကြောင်းကို ပြန် လည်လွှတ်စိုးရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

ခမ်းပတ်ဒေသခံ တစ်ဦးက စစ်ပွဲတွေ ရက်ရှည်လာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြီးက လုံးဝရပ်သွားပြီ။ ကုန်စည်စီးဆင်းမှု မရှိတော့ စားဝတ်နေရေးက အတော်ကျပ်ကုန်ကြပြီဗျာ။ ကျနော်တို့ ကလေး-တမူးဒေသက ပြည်သူတွေကတော့ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ကျနော်တို့ လူထုက ထိတာပဲ ဟု ပြောသည်။

အဆိုပါ ပြင်းထန်သည့် စစ်ရေးအရှိန်ကြောင့် ကလေး-ခမ်းပတ်-တမူး ကားလမ်းမဘေးရှိ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင်၊ နန်ကတိတ်၊ နန်မွန်းတားနှင့် ခွန်မွန်းနွမ်ရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသတွင်း တမူးဒေသခံတစ်ဦးက စစ်တပ်က စစ်ကြောင်းထိုးတာတင် မကဘဲ ရွာတွေကို လေကြောင်းကနေပါ အရမ်းကာရော ဗုံးကြဲတာတွေ ရှိခဲ့တယ်။ အဲဒီလို ဗုံးကြဲလို့ အရပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရသလို၊ ကားလမ်းဘေးက ရွာပေါင်း ၂၀ ကျော်က ဒေသခံ တစ်သောင်းကျော် လည်း အိုးအိမ်ပစ်ပြီး စစ်ဘေးရှောင်နေရတဲ့ အခြေအနေပါ ဟု ပြောသည်။

စစ်တပ်ဘက်က လေကြောင်းပစ်ကူကို အားကိုး၍ မြို့ပေါ်သို့ ခဏတာ တက်ထိုင်နိုင်ရုံ သို့မဟုတ် မြို့ကို ထိန်းချုပ် နိုင်ပြီဟု ကြေညာရုံဖြင့် စစ်ပွဲပြီးဆုံးသွားမည်မဟုတ်ကြောင်း တမူးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ 

တော်လှန်ရေးတပ်ဖွဲ့များဘက်က ခမ်းပတ်မြို့ ပြောက်ကျားစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်၍ ဗျူဟာ မြောက်သည့် အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် နှစ်ဖက်တိုက်ပွဲများမှာ ရေရှည်ဆက် လက် ဖြစ်ပွားနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ခမ်းပတ်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်လာခြင်းနှင့်အတူ နယ်စပ်တစ်လျှောက် တိုက်ပွဲကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး၊ လတ်တလော စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်အတွက်လည်း ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်လျက်ရှိကြောင်း ကူညီပေးနေသူများက ပြောသည်။