ဥရောပတိုက် အပူလှိုင်းကြောင့် ပြင်သစ်၌ လူ ၁၈ ဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
ဥရောပတိုက်တစ်ခွင်တွင် ပြင်းထန်သော အပူလှိုင်း (Heatwave) ဖြတ်သန်းလျက်ရှိရာ ပြင်သစ်နိုင်ငံတွင်တင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ရသည်။
ပြင်သစ်နိုင်ငံ၌ အသက် ၂ နှစ်နှင့် ၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် မိခင်ဖြစ်သူ ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အတွင်း သတိမေ့မြောနေသည်ကို တွေ့ရှိခဲ့ရပြီးနောက်၊ အပူလွန်ကဲကာ နှစ်ဦးစလုံး သေဆုံးခဲ့ရသည်။
ဘော်ဒိုး (Bordeaux) ဒေသတွင်လည်း အသက် ၈၀ ကျော် သက်ကြီးရွယ်အို ၃ ဦးသည် အပူလှိုင်းဒဏ်ကြောင့် ခံစားရသည့် ကျန်းမာရေးဆိုးကျိုးများဖြင့် သေဆုံးခဲ့ရသည်။
ထို့အပြင် အပူဒဏ်ကြောင့် ရေဆင်းကူးကြရာမှ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့အတွင်း လူ ၁၃ ဦး ရေနစ်သေဆုံးခဲ့ရကြောင်း ပြင်သစ်အရပ်ဘက်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ပြင်းထန်သည့် အပူလှိုင်းသည် ဆဟာရသဲကန္တာရမှ ပူနွေးသောလေထုကို သယ်ဆောင်လာပြီး လေငြိမ်နေခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့တွင် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ သမိုင်းတင် စံချိန်တင် ပူပြင်းခဲ့သလို၊ ဗြိတိန်နိုင်ငံတွင်လည်း ယခုသီတင်းပတ်အတွင်း ဇွန်လ၏ အပူဆုံးစံချိန်ဟောင်းများ ကျိုးပျက်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ဘယ်လ်ဂျီယံနိုင်ငံတွင်မူ အမိုးအောက်များ၌ အပူဒဏ်မခံနိုင်သဖြင့် အသိုက်ထဲမှ ခုန်ချကြသည့် ငှက်ငယ်လေးများအပါအဝင် တိရစ္ဆာန်အကောင်ရေ ၁၅၀ ကျော်ကို တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းက စောင့်ရှောက်ထားရသည်။