Mi-17 ရဟတ်ယာဥ်ကို အညာဒေသတွင် ဒရုန်းဖြင့် ပထမဆုံး တိုက်ခိုက်ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးအထိုင်စခန်းကျေးရွာ၌ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို လာရောက်ခေါ်ဆောင်သည့် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက အသေခံဒရုန်း (FPV) ဖြင့် ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ယနေ့ ဇွန်လ ၂၃ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ စစ်တပ်နှင့် ပျူစောထီး များ အခြေစိုက်ရာ တွင်းမရွာရဟတ်ယာဉ်ကွင်း၌ ရပ်နားထားသော စစ်ရဟတ်ယာဉ်ကို တော်လှန်ရေး မဟာမိတ် အင်အားစုများက သတင်းကြိုတင်ရရှိသဖြင့် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါဝင်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ 

အဆိုပါစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက စစ်တပ်က ပေါက်နဲ့ မြိုင်ဘက်က ပျူရွာတွေ အသိမ်းခံရပြီးကတည်းက စက်မှု (၂) ထဲမှာ အင်အားတွေ ဖြည့်ထားတာ။ ဒီနေ့ အဲဒီစစ်သားတွေကို Mi-17 နဲ့ ပြန်လာခေါ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သတင်းကြိုရလို့ ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ရဟတ်ယာဉ်အနီးမှာ စစ်သားတွေ ရှိနေတုန်း အသေခံဒရုန်းက ကိုယ်ထည်ထဲ ဝင်တိုက်ဖောက်ခွဲ လိုက်တာမို့ အထဲမှာ ကြီးမားတဲ့ ပေါက်ကွဲမှုနဲ့အတူ မီးတောက်ကြီး ထွက်လာခဲ့တယ် ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ ဒရုန်းချဉ်းကပ်လာချိန်တွင် ရဟတ် ယာဉ်ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်သား အယောက် ၂၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း၊ ပေါက်ကွဲမှုကြောင့် စစ်တပ်ဘက်က အရာရှိကြီး အချို့အပါအဝင် ၂၀ ဦးခန့် သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ 

သို့သော် အဆိုပါ သေဆုံးဒဏ်ရာရရှိမှု အရေအတွက်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က တွင်းမကျေးရွာ ပတ်ပတ်လည်ကို ညနေ ၆ နာရီဝန်းကျင် တွင် Y-12 ထောက်လှမ်းရေးလေယာဉ်ဖြင့် ဗုံးများ ဆက်တိုက်ပတ်ကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တွင်းမရွာအနီးမှ ဒေသခံအမျိုးသားတစ်ဦးကလည်း ရဟတ်ယာဉ် အပစ်ခံရပြီးကတည်းက စစ်တပ်က ရွာပတ် ပတ်လည်ကို လေယာဉ်နဲ့ ဗုံးတွေ လာကြဲနေတော့တာပဲ။ တော်တော်လည်း ကြောက်ဖို့ကောင်းပါတယ်။ ရွာသားတွေ အကုန်လုံး ယာခင်းတွေဘက်ကို ထွက်ပြေးနေကြရတာဗျ ဟု ပြောသည်။

ယခု စစ်ဆင်ရေးကို ပခုက္ကူခရိုင် ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် (၄) တပ်ရင်းသင်တန်း သားများ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (Magway-PDF) ၊ အညာဖိုက်တာ Local တပ်ဖွဲ့နှင့် စကား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီပူးပေါင်းတပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် စစ်တပ်၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပစ်ချနိုင်ခဲ့သည့် မှတ်တမ်း များ ရှိခဲ့သော်လည်း၊ အညာဒေသမြေပြင်တွင် အသေခံဒရုန်း (FPV) နည်းပညာဖြင့် ရဟတ်ယာဉ်ကို ဖျက်ဆီး နိုင်ခဲ့မှုမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။