ဗင်နီဇွဲလား ငလျင်တွင် သေဆုံးသူ အနည်းဆုံး ၃၂ ဦး ရှိပြီ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ဗုဒ္ဓဟူးနေ့ ညပိုင်းက လှုပ်ခတ်သွားတဲ့ နှစ်ထပ်ဆင့် အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၇၀၀ ခန့်ရှိပြီလို့ ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodríguez)က ထုတ်ပြန်ပါတယ်။
ဒါပေမယ့် အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်နိုင်ခြေ ၄၄% နှင့် ၁ သိန်းကျော်နိုင်ခြေ ၃၀% အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားချက်များကြောင့် သေဆုံးမှုနှုန်း ယခုထက်များစွာ ပိုမိုမြင့်တက်လာနိုင်မည်ကို စိုးရိမ်နေကြရပါတယ်။
မြို့တော် ကာရာကပ်စ်မြို့ပြဧရိယာအတွင်းရှိ ဘာရူတာ (Baruta) မြို့နယ်တွင် အဆောက်အအုံနှစ်လုံး ပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြို့တော်ဝန် ဒါဝင် ဂွန်ဇာလက်ဇ် (Darwin González) က ၎င်း၏ X (Twitter) စာမျက်နှာတွင် ရေးသားထားပါတယ်။
ကျန်တဲ့ နေထိုင်သူများကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေပြီ ဖြစ်ပါတယ်။
မြို့ခံများ ညဘက်တွင် လမ်းမပေါ်၌ အိပ်စက်ကာ ဖြတ်သန်းနေရ မြို့တော် ကာရာကပ်စ်တွင် သန်းခေါင်ကျော်အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း နောက်ဆက်တွဲငလျင် (Aftershocks) များ ထပ်မံလှုပ်ခတ်မည် သို့မဟုတ် ပျက်စီးသွားသော အဆောက်အအုံများ ထပ်မံပြိုကျမည်ကို စိုးရိမ်နေကြပါတယ်။
ဒါကြောင့် ပြည်သူအများအပြားဟာ နေအိမ်တွေကို မပြန်ဘဲ လမ်းမများပေါ်တွင်သာ ဖြစ်သလို နေထိုင်နေကြရပါတယ်။
အာဏာပိုင်တွေကလည်း ဒဏ်ရာရရှိမှု အခြေအနေများကို ဆန်းစစ်နေစဉ်အတွင်း အိမ်ပြင်ပ၌သာ နေထိုင်ကြရန် ညွှန်ကြားထားပါတယ်။
ဗင်နီဇွဲလားတွင် တစ်မိနစ်အတွင်း အင်အားပြင်းငလျင် နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပထမငလျင်မှာ ပမာဏ ၇.၂ (Magnitude 7.2) ရှိပြီး၊ တစ်မိနစ်မပြည့်မီ လှုပ်ခတ်ခဲ့သော ဒုတိယငလျင်မှာ ပိုမိုပြင်းထန်ကာ ပမာဏ ၇.၅ ရှိခဲ့ပါတယ်။
အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများအောက်မှ လူများ အကူအညီတောင်းခံအော်ဟစ်သံများကို ကြားနေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရက အမျိုးသားအရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
တောင်အမေရိကပြတ်ရွေ့ (South American plate) နှစ်ခုဆုံရာ နယ်နိမိတ်တွင် တည်ရှိနေပြီး၊ အဆိုပါ ပြတ်ရွေ့ကြောများ အလျားလိုက် ပြင်းထန်စွာ ရွေ့လျားမှုကြောင့် ယခုကဲ့သို့ အင်အားပြင်းထန်သော ငလျင်နှစ်ခု ပေါင်းစပ်လှုပ်ခတ်သွားရခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ နောက်ဆက်တွဲငလျင် (Aftershocks) အကြိမ်ရေ ၂၀ ထက်မနည်း ထပ်မံလှုပ်ခတ်သွားခဲ့ပြီးဖြစ်ကာ မြောက်ဘက်ကမ်းရိုးတန်းဒေသများတွင် ပိုမိုခံစားခဲ့ရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အခုငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်းနှင့် အမေရိကန်အစိုးရအနေဖြင့် ကူညီရန် အသင့်ရှိကြောင်း Truth Social မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အယ်ဆာဗေဒိုနိုင်ငံက ကယ်ဆယ်ရေးသမား ၃၀၀ နှင့် ကူညီရေးပစ္စည်း တန် ၅၀ အဆင်သင့်ပြင်ထားသလို အီကွေဒေါ၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံတို့ကလည်း အရေးပေါ်ကူညီပံ့ပိုးမှုများ ပေးအပ်သွားမည်ဟု ကတိပြုထားကြပါတယ်။
ယာယီသမ္မတ၏ ရုပ်သံမိန့်ခွန်းအရ ကာရာကပ်စ်မြို့ရှိ ရထားလမ်းနှင့် မြေအောက်ရထား (Metro) ပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းထားပါတယ်။
ယခုသီတင်းပတ်အတွင်း စာသင်ကျောင်း သင်ခန်းစာများကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုင်ကတီယာ (Maiquetía) အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ မျက်နှာကျက်အချို့ ပြိုကျပျက်စီးသွားခဲ့သဖြင့် လေဆိပ်ကိုလည်း လတ်တလော ပိတ်ထားရပါတယ်။