ရခိုင်လူငယ် ထက်ဝက်ကျော် အလုပ်လက်မဲ့ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ရခိုင်ပြည်အတွင်းရှိ လူငယ်ထု၏ ၅၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်နေကြောင်း ရခိုင်လူငယ်ဦး ဆောင်အဖွဲ့ (YLO) က ထုတ်ပြန်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက် ဆန်းစစ်ချက်အစီရင်ခံစာ အရ သိရပြီး၊ ဒေသတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ အရေးပေါ် လိုအပ်နေသည်ဟု ရခိုင်လူငယ်များက ပြောသည်။
ဤ ပြဿနာကို Youth Lead Organization (YLO) ၏ ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သော Livelihood Need Assessment Report တွင် ဖော်ပြထားခြင်း ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားရာ၊ စစ်တပ်က အဆိုပါနယ်မြေများသို့ ကုန်းလမ်း၊ ရေလမ်း သွားလာရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက် ထားခြင်းကြောင့် ဒေသတွင်း လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားရခြင်း ဖြစ်သည်။
ရခိုင်လူငယ်တစ်ဦးက ဒေသတွင်း စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ “စစ်တပ်က ပြည်နယ်ကို ပိတ်ဆို့ထား တဲ့အခါ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားတယ်။ ငပလီတို့၊ မြောက်ဦးတို့က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ မလုပ်နိုင်တော့ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရပ်သွားတယ်။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်မ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ထားတဲ့ စက်ရုံတွေ မလည်ပတ်နိုင်တော့ အလုပ်တွေ မရှိဘူး” ဟု ပြောသည်။
ရခိုင်ဒေသခံ လူငယ်များသည် မိရိုးဖလာ လယ်ယာလုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများကို ဆက်လက် လုပ် ကိုင်လျက် ရှိကြသော်လည်း၊ ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့ခံရမှုနှင့် စစ်ပွဲနောက်ဆက်တွဲ အကျိုးဆက်များ ကြောင့် အဆိုပါ လုပ်ငန်းများကို ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ကြတော့ဟု ဆိုသည်။
YLO ၏ စစ်တမ်းရလဒ်များအရ ရခိုင်လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ ဖြစ်နေသည့်အပြင်၊ အလုပ်ရှိနေ သူများအနက် ၄၀ ရာခိုင်နှုန်းသည်လည်း လစဉ်ဝင်ငွေ ကျပ်တစ်သိန်းအောက်သာ ရရှိနေကြသည်။
ထို့ပြင် စစ်တမ်းဖြေဆိုသူ လူငယ် ၆၀ ရာခိုင်နှုန်းမှာ မိမိတို့ ရရှိထားသည့် ပညာအရည်အချင်းနှင့် လက်ရှိ လုပ် ကိုင်နေရသော အလုပ်အကိုင်မှာ ကိုက်ညီမှုမရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ စစ်တမ်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလမှ မေလအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များရှိ ကျေးရွာအုပ်စု (၅) စုမှ အသက် (၁၈) နှစ်မှ (၃) နှစ်ကြား လူငယ် (၅၇) ဦးကို မျက်နှာချင်း ဆိုင် တွေ့ဆုံမေးမြန်းကာ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
YLO အနေဖြင့် ရခိုင်ပြည်အတွင်းရှိ လူငယ်များ၏ လက်ရှိ အသက်မွေးဝမ်းကျောင်း အခြေအနေ၊ ကျွမ်းကျင်မှု ကွာဟချက်များ၊ သင်တန်း လိုအပ်ချက်များနှင့် အလုပ်အကိုင်ဆိုင်ရာ အတားအဆီးများကို အတိအကျ ဖော် ထုတ်နိုင်ရန် ဤစစ်တမ်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဒေသတွင်းလူငယ်များ အလုပ်လက်မဲ့ဖြစ်ရသည့် အဓိကအကြောင်းရင်းများမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ လုပ်ငန်းခွင်အဆင်သင့်ဖြစ်ရန် လိုအပ်သော ကျွမ်းကျင်မှု မရှိခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ရန် အတွက် အရင်းအနှီး ငွေကြေး မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်မှ ရန်ကုန်မြို့သို့ မေလ ပထမအပတ်တွင် ထွက်ခွာလာခဲ့သော ရခိုင်လူငယ်တစ်ဦးက ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူငယ်များ၏ အခြေအနေကို ယခုကဲ့သို့ ရှင်းပြသည်။
“အေအေ အုပ်ချုပ်ရေးက အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်ဘူးလို့ အပြစ်တင်တဲ့ အပြောမျိုးတော့ မပြောချင်ဘူး။ သူတို့လည်း လူငယ်တွေကို တတ်နိုင်သလောက် ပညာရေးနဲ့ ကျန်းမာရေးမှာ အလုပ်အကိုင် ရှာ ပေးထားပါတယ်။ ဒါပေမဲ့ စစ်ဖြစ်လို့ အခြေအနေ မတည်ငြိမ်တာတွေရယ်၊ ကူးသန်းရောင်းဝယ်ရေးကို တခြား တစ်ဖက်က ပြောင်းလဲရေး လုပ်နေရတာတွေကြောင့် အလုပ်အကိုင်တွေ ရှားပါးလာတယ်။ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်တွေလည်း နည်းလာတယ်။ လူငယ်တွေဟာ အတတ်ပညာ တစ်ခုခုကို ကျွမ်းကျင်မှု မရှိတာ၊ ဆင်းရဲတာတွေကလည်း အလုပ်လက်မဲ့ ဖြစ်စေတယ်။”
လက်ရှိတွင် ရခိုင်လူငယ်များသည် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု (Digital Skills)၊ အင်္ဂလိပ်စာနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု (Entrepreneurship) သင်တန်းများကို အလိုအပ်ဆုံးဖြစ်ကြောင်း ဖြေဆိုထားကြ သည်။
သို့သော် သင်တန်းတက်ရောက်ရန်အတွက် အဓိက အတားအဆီးများမှာ သင်တန်းကြေး မတတ်နိုင်ခြင်းနှင့် မိသားစု စားဝတ်နေရေး တာဝန်များကို ရုန်းကန်နေရခြင်းတို့ကြောင့် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူ စစ်ဘေး ရှောင်များ ဖြစ်ကြပြီး၊ ၎င်းတို့အနက် ၆၅ ရာခိုင်နှုန်းမှာ စစ်ပွဲကြောင့် အလုပ်အကိုင် သို့မဟုတ် ဝင်ငွေ တိုက်ရိုက် ထိခိုက်ခဲ့ရကြောင်း ကောက်နုတ်ချက်များအရ သိရသည်။
ထို့ကြောင့် ကိုယ်ပိုင်လုပ်ငန်း စတင်လိုသော ရခိုင်လူငယ်များအတွက် အရင်းအနှီး အသေးစား ထောက်ပံ့ငွေ (Small Business Grant) သို့မဟုတ် အတိုးနှုန်း သက်သာသော ချေးငွေအစီအစဉ် (Low-interest Loan Scheme) တစ်ရပ် ထူထောင်ပေးရန် လိုအပ်ကြောင်း YLO က အကြံပြုထားသည်။
လက်ရှိတွင် ရပ်ရွာအများစု၌ လူငယ်အသက်မွေးဝမ်းကျောင်းအတွက် စနစ်တကျ ပံ့ပိုးကူညီမှု လုံးဝနီးပါး မရှိသေးသောကြောင့် မြို့နယ်အဆင့်တွင် ရပ်ရွာအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (Community-based Youth Development Network) တစ်ရပ်ကို အမြန်ဆုံး တည်ထောင်ရန် လိုအပ်နေဆိုသည်။