AA ထိန်းချုပ် နယ်မြေတွင် ဘဏ်လုပ်ငန်း စတင်ရန် ပြင်ဆင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

ငွေကြေးလည်ပတ်စီးဆင်းမှု ပြတ်တောက်ပြီး ဘဏ်စနစ်ပြိုလဲနေသည့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထား ရာ ရခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဘဏ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် အာရက္ခ ပြည်သူ့ တော်လှန်ရေးအစိုးရက ရှေ့ပြေးပြင်ဆင်မှုများ ပြုလုပ်လာသည်။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနသည် အာရက္ခထီကို စတင်ရောင်းချခဲ့ ပြီးနောက် ယခုအခါ ဘဏ်လုပ်ငန်းကို ရခိုင်ပြည်တွင်း၌ စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းလာခြင်း ဖြစ် သည်။ 

ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိသည့် ဝန်ထမ်းများကို ဇွန်လ ၃၀ ရက်နေ့မှ စတင် ကာ ခေါ်ယူနေပြီး စီးပွားရေးနှင့် ကုန်သွယ်မှု ကောင်းမွန်သည့် မြို့ကြီးအချို့တွင် အခြေစိုက်၍ စတင် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်နှင့် နီးစပ်သူများထံမှ ထွက်ပေါ်လာသည်။

လက်ရှိတွင် AA ထိန်းချုပ်နယ်မြေများ၌ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်သိမ်းဆုတ်ခွာသွားပြီ ဖြစ်သည်။ 

ထို့ကြောင့် ပြည်သူများသည် KBZ Pay နှင့် Wave Money ကဲ့သို့သော မိုဘိုင်းငွေကြေးအေးဂျင့်များကိုသာ အဓိက အားကိုးနေရသည်။ 

သို့သော်လည်း စစ်အုပ်စုက ရခိုင်အခြေစိုက် ငွေလွှဲငွေထုတ် လုပ်ကိုင်သူများ၏ Kpay နှင့် Wave Money အကောင့်များကို ပိတ်သိမ်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်းတို့ကြောင့် ဒေသတွင်း၌ ငွေသား ရှားပါးမှု အကျပ်အတည်းနှင့် အဆမတန် ဝန်ဆောင်ခပေးရသည့် ဒဏ်ကို ရင်ဆိုင်နေကြရသည်။

သံတွဲမြို့ဒေသခံ ဘဏ်လုပ်ငန်းကျွမ်းကျင် ဝန်ထမ်းဟောင်းတစ်ဦးကစစ်ပွဲတွေဖြစ်ပြီးကတည်းက အေအေ ထိန်းချုပ်တဲ့မြို့တွေမှာ ဘဏ်တွေမရှိတော့ဘူးလေ။ အဲ့တော့ ငွေလည်ပတ်ဖို့အတွက် Kpay တို့ Wave Money တို့ကို သုံးလာရတယ်။ ဒါတွေကလည်း အင်တာနက်လိုင်းရမှ အဆင်ပြေတာ။ ပြည်မက ပိတ်ဆို့ထားတော့ ရခိုင်က ငွေစက္ကူတွေဟာ စောင်းနွမ်းစုတ်ပြတ်နေတာပဲ ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

၎င်းက ဆက်လက်၍ အခုကတော့ တပ်တော်က ဘဏ်စနစ်တစ်ခု ထူထောင်ဖို့ ကြိုးစားလာတယ်။ ဘယ်ပုံစံနဲ့ ဘယ်အခြေအနေဆိုတာကိုတော့ အသေးစိတ် မပြောသေးဘူး။ တချို့မြို့တွေ လူခေါ်နေတယ် ဟု ပြောသည်။

မြေပြင်အခြေအနေအရ ရခိုင်ပြည်အတွင်း စီးပွားရေးအရ အရောင်းအဝယ်နှင့် ကုန်သွယ်မှုမြင့်မားသည့် မြို့အချို့ တွင် မြို့နယ်တာဝန်ခံ၊ လက်ထောက်မြို့နယ်တာဝန်ခံ ရာထူးများအပါအဝင် ဈေးကွက်ဆိုင်ရာ ဝန်ထမ်းများကို AA ဘက်က ဆက်သွယ်ခေါ်ယူမှုများ ရှိနေသည်။

ရခိုင်ဒေသတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် ဘဏ်စနစ်ပြိုလဲပြီးနောက် ဒေသခံပြည်သူများသည် ငွေကြေး စီးဆင်းမှုနှင့် စားဝတ်နေရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရသဖြင့် ယခုကဲ့သို့ ကိုယ်ပိုင်ဘဏ်စနစ်တစ်ခု အကောင်အထည်ဖော်ရန် ကြိုးပမ်းလာမှုအပေါ် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့က စောင့်ကြည့် မျှော် လင့်နေကြသည်။