မောင်တောမြို့နယ်အတွင်း ထိုးဖောက်လာသည့် ARSA အဖွဲ့ နှင့် AA တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းသို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ် နေသလို၊ ARSA လက်နက်ကိုင်အဖွဲ့များလည်း ထိုးဖောက်ဝင်ရောက်လာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်၊ ဂြင်းတောကျေးရွာအနီးနှင့် မောင်တောမြောက်ပိုင်း၊ တောင်ပြိုမီးတိုက်ရွာအနီး ဝန်းကျင်တို့ တွင် ARSA အဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့က စစ်ရေးလှုပ်ရှား ထိုးဖောက်ဝင်ရောက်လာသဖြင့် အာရက္ခ တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အာရက္ခတပ်တော်နှင့် နီးစပ်သူတစ်ဦးက ARSA ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“ARSA က စစ်ရေးလှုပ်ရှားမှုတွေဟာ မကြာခဏတွေ့လာရတယ်။ သူတို့က ပြန်ပေးဆွဲတာ၊ မူးယစ်ဆေး လုပ် တာအပြင် ဓားပြတိုက်တာတွေတောင် ရှိတယ်။” ဟု AA နှင့် နီးစပ်သူက ပြောသည်။ “တပ်တော်က နယ်မြေရှင်းလင်းရေးပုံစံ နယ်စပ်တစ်လျှောက် လုပ်တော့ အချို့ဝင်ရောက်သူတွေ သေဆုံးခဲ့တာတွေရှိသလို စကားပြောစက်တွေ၊ ရိက္ခာပစ္စည်းတွေ ရတာ ရှိပါတယ်။”
ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းကလည်း မောင်တောတောင်ပိုင်း ရွက်နုကျေးရွာအနီးရှိ ဂြင်းတောချောင်းဝတွင် ARSA လက်နက်ကိုင်အဖွဲ့ဝင်အချို့ နယ်စပ်မှ ထပ်မံဝင်ရောက်လာသဖြင့် အာရက္ခတပ်တော်နှင့် တိုက်ပွဲတချို့ ဖြစ်ပွားခဲ့သည်။
ARSA အဖွဲ့သည် မူဆလင်ဒုက္ခသည်စခန်းများတွင် အခြေပြုလှုပ်ရှားလေ့ရှိပြီး မောင်တောမြောက်ပိုင်း၌ ဒေသခံ အရပ်သားများနှင့် ခရီးသွားပြည်သူများကို ခြုံခိုတိုက်ခိုက်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှုများကို ကြိမ်ဖန်များစွာ ပြုလုပ် လေ့ရှိသည်။
တစ်ဖက်တွင်လည်း မောင်တောခရိုင်အတွင်းရှိ ကြိမ်ချောင်းအကျဉ်းထောင်စခန်းကို စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံ့ပန်း ၄ ဦး သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသွားသည့် စစ်တပ် ဗိုလ်ကြီးမှာ အကျဉ်းထောင်စခန်းရှိ သုံ့ပန်းအကျဉ်းသားများကို ဆေးကုသ ပေးရန် တာဝန်ပေးအပ်ခြင်းခံထားရသူဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းထောင်စခန်း အဆောင် အချို့လည်း ပျက်စီးသွားခဲ့သည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှစတင်၍ မောင်တောမြို့ပေါ်နှင့် မြို့အနီးဝန်းကျင်သို့ လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာခြင်းဖြစ်သည်။
ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့ပေါ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံ့ဖြိုးရေးကျောင်း ဟောင်း အနီးသို့ ဂျက်ဖိုက်တာ စစ်လေယာဉ်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့ရာ အဆိုပါ တိုက်ခိုက်မှုမှာ ဒေသခံပြည်သူများ မောင်တောမြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်သည်။
ထို့နောက် ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒုတိယအကြိမ်အဖြစ် မောင်တောမြို့နှင့် မြို့ဝန်းကျင်ကို ဂျက်ဖိုက်တာနှစ်စီး၊ Y-12 ထောက်ပို့လေယာဉ်တစ်စီးတို့ဖြင့် ဗုံးအလုံးရေ ၃၀ ထက်မနည်း ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့သည်။
စစ်တပ်သည် မောင်တောမြို့နယ်အတွင်း ၎င်းတို့၏ နောက်ဆုံးကျန်ရှိသည့် အမှတ် (၅) နယ်ခြားစောင့်တပ်စခန်း (နခခ-၅) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နောက် ပိုင်း ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာခြင်း ဖြစ်သည်။