အီရန် ခေါင်းဆောင် ဈာပန စီတန်းပွဲများ စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။ 

အီရန် စစ်ပွဲ ပထမရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသည့် အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (အသက် ၈၆ နှစ်) နှင့် ၎င်း၏ မိသားစုဝင်များအတွက် ဈာပနစီတန်းလှည့်လည်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက် တနင်္လာနေ့တွင် မြို့တော်တီဟီရန်၌ စတင်ကျင်းပခဲ့သည်။

၎င်း၏ ဈာပနဝတ်ပြုဆုတောင်းပွဲသို့ ခါမေနီ၏ သားများဖြစ်ကြသော မာဆွတ် (Masoud)၊ မေဆမ် (Meysam) နှင့် မူစတာဖာ (Mostafa) တို့အပြင် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)၊ လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ကာလီဘတ် (Mohammad Bagher Qalibaf) နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဂျင်နရယ် အာမက် ဗာဟီဒီ (Ahmad Vahidi) တို့ တက်ရောက်ခဲ့ကြသည်။ 

သို့သော် အီရန်နိုင်ငံ၏ အထွတ်အထိပ် ခေါင်းဆောင်သစ်ဖြစ်လာသူ ခါမေနီ၏ နောက်ထပ်သားတစ်ဦးဖြစ်သည့် အယာတိုလာ မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) မှာမူ ဝတ်ပြုပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

နိုင်ငံတော်အလံ လွှမ်းခြုံထားသည့် ခါမေနီနှင့် မိသားစုဝင်များ၏ ရုပ်အလောင်း ထည့်သွင်းထားသည့် ခေါင်းတလားများကို မော်တော်ယာဉ်ဖြင့် တီဟီရန်လမ်းမများတစ်လျှောက် စီတန်းလှည့်လည်၍ မက်ဟရာဘတ် (Mehrabad) နိုင်ငံတကာလေဆိပ်သို့ သယ်ဆောင်သွားမည်ဖြစ်သည်။ 

အီရန်အစိုးရအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ပြသရန်အတွက် စီတန်းလှည့်လည်ပွဲအား လူထုအင်အားအမြောက်အမြားဖြင့် ခမ်းနားစွာကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ 

ဝမ်းနည်းခြင်းအထိမ်းအမှတ် ကာလကို ပြီးခဲ့သည့် စတင်ခဲ့ပြီး လာမည့်ကြာသပတေးနေ့တွင် ခါမေနီ၏ မွေးရပ်မြေဖြစ်သော မာရှဟတ် (Mashhad) မြို့ရှိ အီမာမ်ရီဇာ (Imam Reza) ဂူဗိမာန်၌ သင်္ဂြိုဟ်ခြင်းဖြင့် ဈာပနအခမ်းအနား ပြီးဆုံးမည်ဖြစ်သည်။ 

လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လေကြောင်းလိုင်းများကို ပိတ်ထားကြောင်း သိရသည်။

အဆိုပါ ဈာပနအခမ်းအနားသို့ တက်ရောက်လာသည့် လူထုကြီးသည် ခါမေနီ ကွယ်လွန်ခဲ့ရမှုအပေါ် အပြင်းအထန် ဒေါသထွက်လျက်ရှိပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ကို သတ်ဖြတ်ရန်နှင့် ကလဲ့စားချေရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြကြောင်း အေပီ (AP) သတင်းတွင် ဖော်ပြထားသည်။ 

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိတွင် ယင်းဆွေးနွေးပွဲများကို ဈာပနအခမ်းအနား ပြီးဆုံးသည့်အထိ ခေတ္တဆိုင်းငံ့ထားမည့် အခြေအနေတွင် ရှိနေသည်။