စစ်တပ်တိုက်ခိုက်မှုကြောင့် ရခိုင်တွင် ၆ လအတွင်း အရပ်သား ၈၀ ကျော် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။

ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာများကို စစ်တပ်က လေကြောင်း၊ စစ်သင်္ဘော များမှ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ၆ လအတွင်း အရပ်သား ၈၀ ကျော် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်စစ်တမ်းများအရ ထွက်ပေါ်လာသည်။

အာရက္ခတပ်တော် (AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင်လ ၃ ရက်နေ့တွင် စစ်တမ်းတစ်ခု ထုတ်ပြန်သည်။

အဆိုပါစစ်တမ်းအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ၆ လတာကာလအတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့သည်။

ထို့ပြင် စစ်သင်္ဘောမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား သေဆုံးသူ ၈၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၈၇ ဦးအထိ ရှိခဲ့သည်။

အခုလပိုင်း ကျမတို့ ရခိုင်ပြည်ကို စစ်တပ်က ပစ်မှတ် ထားပြီး ပိုတိုက်ခိုက်လာတာပါ။ ရခိုင်တောင်ပိုင်း ဂွ၊ တောင်ကုတ်၊ သံတွဲကစလို့ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ မကြဲတဲ့မြို့ဆိုလို့ မရှိသလောက်ပါပဲ။ စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူကိုတောင် လက်နက်ကြီးနဲ့ ပစ်၊ လေကြောင်းတိုက်နေတာပါ။” ဟု  HDCO နှင့် တွေ့ဆုံခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အရပ်သားတွေက ဘာမှမလုပ်နိုင်ဘဲ ဒီအတိုင်း အခံသက်သက်ဖြစ်နေရတယ်၊ နာကျည်းစိတ်တွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ဖြတ်သန်းနေရတာပါ ဟု ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၈၃ ဦးတွင် အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး ပါဝင်ပြီး၊ ယင်းအထဲ၌ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၉ ဦး ပါဝင်သည်။ 

ထို့အတူ ဒဏ်ရာရရှိသူ ၁၈၇ ဦးတွင် အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၈၅ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၄ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အဆိုပါ ၆ လတာအတွင်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ရခိုင်ပြည်သူ ၆၅ ဦး ရှိပြီး ၎င်းတို့အနက် အမျိုးသား ၅၆ ဦးနှင့် အမျိုးသမီး ၉ ဦး ဖြစ်သည်။

စစ်တပ်တပ်၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ၆ လအတွင်း ရခိုင် ဒေသရှိ လူနေအိမ် ၂၂၉ လုံး၊ ဆိုင်ခန်း ၈၃ ခန်း၊ တံတား ၁ စင်း၊ ကျန်းမာရေးဌာန ၁ ခု၊ ဘာသာရေးအဆောက် အအုံ ၈ ခုနှင့် ပညာရေးကျောင်းဆောင် ၄ ခုတို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု စစ်တမ်းတွင် ဖော်ပြသည်။