အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ စစ်ရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။ 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စစ်ရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများ ရှိနေချိန်တွင် အာရှဒေသတွင်း ကာကွယ်ရေးအင်အားစုကြီးနှစ်ခု မဟာဗျူဟာမြောက် လက်တွဲလိုက်ခြင်းဖြစ်သည်။

ယခုခရီးစဉ်၏ အဓိကစစ်ရေးလှုပ်ရှားမှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံထုတ် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်စနစ် (Supersonic Missile System) ကို ဝယ်ယူရန် ပြင်ဆင်နေပြီး ဆွေးနွေးမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီးက အတည်ပြုသည်။ 

၎င်းသည် အင်ဒိုနီးရှားစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည့်အပြင် အိန္ဒိယ၏ စစ်လက်နက်တင်ပို့မှုကဏ္ဍအတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ထားသည့် အချက်အချာကျသော ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် “ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” အဖြစ် နှစ်နိုင်ငံစစ်တပ်အချင်းချင်း သတင်းအချက်အလက် မျှဝေခြင်းနှင့် ပူးတွဲကင်းလှည့်ခြင်းများကို ထိရောက်စွာ လုပ်ဆောင်သွားရန် အကျယ်တဝံ့ ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ် မိုဒီ၏ လေယာဉ်သည် အင်ဒိုနီးရှား ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်လာစဉ်ကပင် အင်ဒိုနီးရှားစစ်တပ်မှ စစ်လေယာဉ် ၃ စီးဖြင့် လိုက်ပါစောင့်ရှောက် ဂုဏ်ပြုခဲ့ပြီး၊ လေဆိပ်တွင်လည်း စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို (Prabowo Subianto) ကိုယ်တိုင် လာရောက်ကြိုဆိုခဲ့သည်။