အင်းတော်၌ ဆရာမတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အကူအညီမဲ့နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော ကျောင်းဆရာမတစ်ဦးသည် သက်ဆိုင်ရာထံ အကူအညီတောင်းခံခဲ့သော်လည်း တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်နေ့၊ ည ၉ နာရီဝန်းကျင်က အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ကျောင်းဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်အတွင်း အိပ်ပျော်နေချိန် စစ်အုပ်စု တပ်ဖွဲ့ဝင် ငါးဦး ရောက်ရှိလာခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သော်လည်း အမျိုးသမီးမှာ နေအိမ်အတွင်း ကျန်ရစ်ခဲ့သည်။
ထို့နောက် စစ်သားများက အဆိုပါကျောင်းဆရာမကို အဓမ္မပြုကျင့်ခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲ့ရပ်ကွက်မှာ Non CDM ကျောင်းဆရာမလင်မယားနှစ်ယောက်အိပ်နေတဲ့အချိန်မှာ အဲ့ဒီဘေးနားလေးက တိုက်ကို စစ်သား ငါးယောက်ရောက်လာတာ။ ရောက်လာတော့ အမျိုးသားဖြစ်သူက ထွက်ပြေးသွားလိုက်တာ ပေါ့နော်။ အဲ့တာနဲ့ ကျန်ခဲ့တဲ့ အမျိုးသမီးကို ကျောင်းဆရာမကို စစ်သားတွေက အဓမ္မပြုကျင့်ကြတာ။”
၎င်းပြင် ကျောင်းဆရာမ၏ ခင်ပွန်းဖြစ်သူသည် အင်းတော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကြောင်းမှူး၏ ဖခင် (အင်းတော်ဒေသခံ) ထံ သွားရောက် အကူအညီတောင်းခံ ခဲ့သော်လည်း ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ ကြောင်း ဆိုသည်။
အဓမ္မပြုကျင့်ခံခဲ့ရသည့် ကျောင်းဆရာမသည် နေအိမ်မှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် အိမ်နီးချင်းများ ထံမှ တစ်ဆင့် အကူအညီ ရယူခဲ့ရသည်။
“ကျောင်းဆရာမကလည်း အင်္ကျီချွတ်ကြီးနဲ့ ထွက်ပြေးခဲ့လိုက်ရတယ်တဲ့။ အဲ့ဒါနဲ့ အိမ်နီးနားချင်းတွေကို အကူ အညီတောင်းမှပဲ အဆင်ပြေသွားတာတဲ့။ သူ့ရဲ့အမျိုးသားဖြစ်သူကလည်း အကူအညီတောင်းပေမဲ့ စစ်ကြောင်း မှူးဖြစ်သူရဲ့ အဖေက မကူညီပေးနိုင်ဘူးလို့ ပြောခဲ့တာ ဟုတ်တယ်” ဟု အင်းတော် ဒေသခံ တစ်ဦးက ဆက် ပြောသည်။
အင်းတော်မြို့ကို စစ်တပ်က ယခုနှစ်အတွင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် Non-CDM ဝန်ထမ်းများဖြင့် ပညာ ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့ပြင် အနီးဝန်းကျင်ရှိ နဘား၊ မော်လူးနှင့် မဲဇာဒေသများကိုလည်း စစ်တပ်က ဆက်တိုက် ပြန်လည်ထိန်းချုပ် ထားသည်။
သို့သော် အင်းတော်မြို့နယ် အတွင်းရှိ အချို့နေရာများနှင့် အင်းတော် – ကသာလမ်းပိုင်းတွင် စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။