တိုက်ပွဲပြင်းထန်နေသည့် ဧရာဝတီတိုင်းအတွင်း အရပ်သားများ ပေါ်တာဆွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဒေသခံပြည်သူများ၏ နွားလှည်းများနှင့် ထော်လာဂျီများကို ချောဆွဲကာ ဒေသခံများကိုပါ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ် တောင်ကုန်းတောတောင်များတွင် တိုက်ပွဲများအတွင်း စစ်တပ်ဘက် က ထိခိုက်ကျဆုံးမှု များပြားနေပြီးနောက်၊ ကျေးရွာများအတွင်း ဝင်ရောက်ကာ ပစ္စည်းများကို ယူဆောင်ခြင်းနှင့် စစ်ရေးအတွက် ပေါ်တာဆွဲခြင်းများကို အတင်းအဓမ္မ လုပ်ဆောင်လာခြင်း ဖြစ်သည်။

သာပေါင်းမြို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ခုက ဂွ-ငသိုင်းချောင်းလမ်းပေါ်က တောင်တန်းတွေကို စစ်တပ်ပြန်ယူဖို့ အကြီးအကျယ်ထိုးစစ်ဆင်နေတာ၊ ကားတွေ၊ ထော်လာဂျီတွေ၊ လှည်းတွေ အကုန်ချောဆွဲ၊ လူပါပြန်မလွှတ်ဘူး။ ဝါးတောကွင်း၊ ကမ်းပါးကြီး၊ ဘိုးတော်ကျေးရွာကလူတွေ ပြေးကြပြီ၊ ပစ္စည်းဆုံးချင်ဆုံး လူအသေမခံနိုင်ဘူး။ ရေကြည်မြို့နယ်မှာဆို ရိုးတောင်ခြေရင်းက မြောက်စမ်းရွာအနား စစ်တပ်သေတာ များ နေတယ် ဟု ပြောသည်။

ထို့ပြင် သာပေါင်းမြို့နယ် ရွာသစ်ကျေးရွာအနီး သီဟိုဠ်ခြံအစပ် တောင်ကုန်းများတွင်လည်း စစ်တပ်က မြေမြှုပ် မိုင်းများ ထောင်ထားသဖြင့် ဒေသခံပြည်သူများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြရသည်။

လက်ရှိတွင် စစ်တပ်၏ ပေါ်တာဆွဲခံရမည့် အန္တရာယ်နှင့် မိုင်းအန္တရာယ်တို့ကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ဝါးတောကွင်း၊ ကမ်းပါးကြီးနှင့် ဘိုးတော်ကျေးရွာများမှ ဒေသခံပြည်သူအများအပြားမှာ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

ဒေသခံ စစ်ရှောင်ပြည်သူတစ်ဦးကလည်း ရွာထဲအထိ မိုင်းထောင်လာတာ မပြေးရင် ဘာလုပ်မှာလဲ။ လှည်း တော့ ထားခဲ့တယ်၊ နွားနှစ်ကောင်တော့ မောင်းလာခဲ့တယ်။ ပစ္စည်းသယ်ယူပို့ဖို့ ပေါ်တာဆွဲနေတာ၊ နေရာမကျ ရင် စစ်ထဲလိုက်ရမှာလေ။ တချို့တော့ ရွာတွေထဲ ကျန်သေးတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ မြို့ပေါ် ဆွေမျိုးတွေဆီ ပို့ထားတယ်။ မိုင်းထောင်တော့ ရွာသားတွေ ပြောင်းကြလို့လည်း မပြောတော့ တော်တော်ခက် တယ်ဟု ပြောသည်။

ကျေးရွာများအတွင်း ကျန်ရှိနေသည့် ပြည်သူများကိုလည်း စစ်တပ်က ရွာထဲတွင် ရောနှောနေထိုင်ကာ အိမ်မွေးတိရစ္ဆာန်များနှင့် အသုံးအဆောင်ပစ္စည်းများကို အတင်းအဓမ္မ သိမ်းဆည်းလျက်ရှိသည်။

ထို့ပြင် စစ်တပ်သည် အရပ်သားများ၏ နွားလှည်းနှင့် ထော်လာဂျီများကို ချောဆွဲပြီး ဒေသခံပြည်သူများကို ဘန်ကာဆောက်လုပ်ရန် အတင်းအဓမ္မ ခိုင်းစေခြင်းနှင့် စစ်ရိပ်စစ်ကူပစ္စည်းများ ထမ်းပိုးရန် ဖမ်းဆီးခေါ်ဆောင် ခြင်းများ ပြုလုပ်နေသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ် တောင်ကုန်းတောတောင်များ တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား စစ်ရေးတင်းမာကာ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွား နေသည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သည်။