မိသားစုအား အသိမပေးပဲ အကျဉ်းသား ၅၀၀ ခန့် ကို ထောင်ပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။
ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးအပါအဝင် အကျဉ်းသားပေါင်း ၅၀၀ ခန့်ကို သက်ဆိုင်ရာ မိသားစုများကို အသိမပေးဘဲ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ လိုက်ကြောင်း အကျဉ်းသား ကူညီရေး အဖွဲ့က ပြောသည်။
ထိုသို့ အသိမပေးပဲ ပြောင်းရွှေ့လိုက်ခြင်းကြောင့် မိသားစုများ ထောင်ဝင်စာတွေ့ရာတွင် သွားလာရေးမှ အစ အခက်အခဲများ ဖြစ်စေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။
အကျဉ်းထောင် အာဏာပိုင်များက ထောင်ပြောင်းရွှေ့မည့်သူများ၏ အမည်များကို ဇူလိုင် ၂၂ ရက်နေ့တွင် ကြိုတင် ခေါ်ယူကာ ခြေကျင်းများခတ်၍ ၂၃ ရက်နေ့ နံနက် ၃ နာရီခွဲဝန်းကျင်အချိန်တွင် အကျဉ်းသားများအား ၁၂ ဘီး မော်တော်ယာဉ်များဖြင့် သာယာဝတီထောင်သို့ ရုတ်တရက် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု PPNM က ထုတ်ပြန် ထားသည်။
PPNM ၏ ဦးဆောင်ကော်မတီဝင်ဖြစ်သူ မရောင်နီလင်းက “သူတို့ကတော့ နေရာကျဉ်းလို့၊ လူဦးရေလည်း တောင်ငူအကျဉ်းထောင်မှာ များလာတာဖြစ်တဲ့အတွက် သာယာဝတီထောင်ကို ပို့ဆောင်တာလို့ သိရှိရပါတယ်။” ဟုပြောသည်။ သို့သော်လည်း မိသားစုများကိုမူ တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိခဲ့ဟု ဆိုသည်။ မရောင်နီလင်းက“ထောင်ပြောင်းရွှေ့မှုကို ဒီမိသားစုဝင်တွေကို ကြိုတင် အသိပေးခြင်းမရှိဘဲနဲ့ ဆောင်ရွက်တာမျိုးဟာ အကျဉ်းသား တွေရဲ့ အခြေခံ အခွင့်အရေးတွေကို ထိခိုက်စေနိုင်တဲ့ ကိစ္စရပ်တစ်ခုလို့ PPNM က သုံးသပ်ပါတယ်” ဟု ဆက်ပြောသည်။
ထိုသို့ မိသားစုကို အသိမပေးဘဲ ရုတ်တရက် ထောင်ပြောင်းရွှေ့လိုက်ခြင်းကြောင့် အကျဉ်းသားများ၏ မိသားစုဝင်များအတွက် သွားလာရေးမှ အစ အခက်အခဲ များစွာဖြစ်လာစေနိုင်ကြောင်း မရောင်နီလင်းက ယခုကဲ့သို့ ထောက်ပြထားသည်။
၎င်းက “အရင်ဆုံး ထောင်ဝင်စာတွေ့ဆုံဖို့ ခရီးစရိတ်နဲ့ အချိန်ပိုပြီးတော့ ကုန်ကျနိုင်တာမျိုးတွေ ရှိလာသလိုမျိုး၊ တချို့ မိသားစုတွေက ငွေကြေး၊ ခရီးစရိတ် အခက်အခဲကြောင့်မို့လို့ ပုံမှန် သွားရောက်တွေ့ဆုံနိုင်ဖို့ ခက်ခဲလာမယ်။ ဒါကြောင့် ဒီအကျဉ်းသားတွေ အနေနဲ့ စားဝတ်နေရေး ပြီးလို့ရှိရင် ဆေးဝါးရရှိမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု တွေ ထိခိုက်လာနိုင်တယ်။ မိသားစုတွေနဲ့လည်း ဒီ သတင်းအချက်အလက် ဖလှယ်နိုင်မှုတွေလည်း နှောင့်နှေးလာနိုင်တယ်” ဟု ပြောသည်။
ထို့အပြင် ထောင်ပြောင်းရွှေ့စဉ်အတွင်း အကျဉ်းသားတစ်ဦးလျှင် စောင် ၃ ထည်နှင့် အင်္ကျီ ၁ စုံသာ သယ်ဆောင် ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ကိုယ်ပိုင်ပစ္စည်းများနှင့် ထောင်ဝင်စာ ပစ္စည်းများကိုမူ ထောင်အာဏာပိုင်များက သိမ်းဆည်း လိုက်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် အကျဉ်းသားများ၏ အခြေခံ အသက်ရှင်နေထိုင်ရေးနှင့် ဂုဏ်သိက္ခာကို ထိခိုက် စေသည့်လုပ်ရပ် ဖြစ်သည်ဟု မရောင်နီလင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“ဒီလိုပစ္စည်းတွေက မိသားစုဝင်တွေက အခက်အခဲတွေ မျိုးစုံကြားကနေမှ ပို့ဆောင်ပေးထားတာ ဖြစ်တယ်။ အသုံးအဆောင် ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အကြောင်းပြချက် မရှိဘဲနဲ့ သိမ်းဆည်းတာမျိုးတော့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ ပြောရမယ်ဆိုရင် ကျန်ခဲ့တဲ့ ပစ္စည်းတွေကို သက်ဆိုင်သူတွေဆီ ပြန်လည်ပေးအပ်ဖို့နဲ့ ထောင်ပြောင်းရွှေ့တဲ့ အခါမှာ အကျဉ်းသားတွေရဲ့ အခြေခံ အခွင့်အရေး ကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။”
အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို ခြေချင်းခတ်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နံနက် အစောပိုင်း အချိန်များတွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်းများသည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းနှင့် စိတ် ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ စနစ်တကျ ပြုလုပ်နေခြင်းဖြစ်သည်ဟု PPNM ကပြောသည်။
ဓာတ်ပုံ- Informational And Public Relations Department PPNM