မောင်တောနယ်စပ်တွင် မြေမြှုပ်မိုင်း ၆၇ လုံး ထပ်မံရှင်းလင်းခဲ့ပြီး AA အင်အားဖြည့်တင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို အာရက္ခတပ်တော် (AA) က ဆက်လက်ရှင်းလင်းလျက်ရှိပြီး နယ်စပ်လုံခြုံရေးအတွက် အင်အားဖြည့်တင်းထားသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း AA ၏ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်၊ နံနက် ၇ နာရီ မှ မွန်းလွဲ ၁ နာရီအထိ ဆောင်ရွက်ခဲ့ရာ ယခင် စစ်တပ်နှင့် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့များ ထောင်ထားခဲ့ သည့် မြေမြှုပ်မိုင်း ၆၇ လုံးကို ရှာဖွေဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဇူလာ၊ ဟိုရီတာလာ၊ ဤတာလီယာနှင့် ဇာင်တီလာကျေးရွာများကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းများတစ်လျှောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

မောင်တောမြို့နယ် အတွင်း၌ စစ်တပ်နှင့် စစ်သွေးကြွအဖွဲ့များ ထောင်ထားခဲ့သည့် ၃၅ လုံးကို AA က ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်းကောင်း၊ ဇန်နဝါရီ ၂၀ မှ ၂၁ ရက်အတွင်း အမှတ် (၇၆၆) တပ်ရင်း ဟောင်းနှင့် မြကံသာဆည်အနီးဝန်းကျင် ကားလမ်းမများတွင် မိုင်း ၇၈ လုံးကိုလည်းကောင်း အသီးသီး သိမ်းဆည်းရှင်းလင်းခဲ့ပြီးဖြစ်သည်။ 

လက်ရှိတွင် ရခိုင်ပြည်တစ်ဝန်း စစ်တပ် ထောင်ထားခဲ့သည့် မိုင်းအလုံးရေ ၁,၀၀၀ ကျော်အထိ တွေ့ရှိရှင်းလင်း ပြီးဖြစ်သည်။

မောင်တောဒေသမှ မွတ်ဆလင်စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက အခု အင်္ဂလာက နယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စတွေ ရှိတယ်။ နောက် တခြားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတာတွေရှိတယ်။ ဒီအခြေ အနေကြောင့် အေအေတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တာ၊ နယ်စပ်တစ်လျှောက် ကင်းဝပ်တာတွေ လုပ်နေတာတွေ ရှိပါတယ်။ မိုင်းရှင်းလင်းတာကတော့ မကြာခဏ လုပ်ရတယ်၊ နယ်စပ်မှာပါ လုပ်မယ်ကြားတယ်ဟု ပြော သည်။

မောင်တောခရိုင်အတွင်း ဒေသခံပြည်သူများ သွားလာအသုံးပြုနေသည့် လမ်းကြောင်းများနှင့် တောတောင် ထူထပ်ရာ နေရာများတွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများနှင့် စစ်ကျန် လက်နက်ခဲယမ်းများကို AA က ဆက်လက် ရှင်းလင်းဖယ်ရှားနေခြင်း ဖြစ်သည်။ 

နယ်စပ်မျဉ်းတစ်လျှောက် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း နယ်စပ်ဖြတ်ကျော် စိမ့်ဝင်မှုများ၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုများနှင့် စစ်ရေးအရ အရေးပါသောနေရာများကို အပြည့်အဝ စိုးမိုးနိုင်ရန်အတွက် အင်အား တိုးမြှင့်ချထားခြင်း ဖြစ်သည်။

အာရက္ခဒေသတစ်ဝန်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် လျော့ပါးစေရေးအတွက် AA သည် ပြည်သူများအား အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဒေသအနှံ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ 

ထို့ပြင် နယ်စပ်ဒေသများတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များ၏ သွားလာလှုပ်ရှားမှုနှင့် စိမ့်ဝင် တိုက် ခိုက်မှုများကို ဟန့်တားရန် နယ်မြေရှင်းလင်းစိုးမိုးရေးများကိုပါ လုပ်ဆောင်လျက်ရှိသည်။