NDAA က မန္တလေးတိုင်း ပကဖတာဝန်ခံ ကိုဝဏ္ဏအောင်ကို မိုင်းလားတွင် ဖမ်းဆီးပြီး စစ်တပ်ထံ လွှဲပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံလည်းဖြစ်၊ တံတားဦးမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီးသည် ရှမ်းပြည် အရှေ့ပိုင်း မိုင်းလားဒေသတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်တပ်ထံသို့ လွှဲပြောင်းပေးအပ်ခံလိုက်ရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က ကျိုင်းတုံမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် ကိုဝဏ္ဏအောင်၏ ဇနီးဖြစ်သူနှင့် ၅ နှစ်အရွယ် သမီးငယ်တို့ ဦးစွာ ဖမ်းဆီးခံခဲ့ရခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအသိုင်းအဝိုင်းက ဆိုသည်။
ကျိုင်းတုံမြို့ပေါ်သို့ သွားရောက်ကာ လက်ဝတ်ရတနာ ရွှေထည်များ သွားရောက်ရောင်းချခြင်းနှင့် ဘဏ်ကိစ္စများ လုပ်ဆောင်ခဲ့ပြီးအပြန်လမ်းတွင် အဆိုပါကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကျိုင်းတုံဒေသရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
NUG လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်ဂိတ်မှာ ကိုဏကြီးရဲ့ အမျိုးသမီးနဲ့ ကလေးက အရင်ဖမ်းခံရတာပါ။ အဲ့လို ဖမ်းမိပြီးတဲ့နောက် အမျိုးသမီးကို စစ်မေးရာကနေ ကိုဏကြီး ရှိနေတဲ့ နေရာ ပေါက်ကြားသွားတာမျိုး ဖြစ်နိုင်တယ်ဗျ” ဟု ပြောသည်။
ထိုသို့ ဇနီးဖြစ်သူအား ဖမ်းဆီးစစ်ဆေးရာမှ ရရှိလာသည့် အချက်အလက်များအရ စစ်တပ်က ဆက်လက် စုံစမ်း ဖိအားပေးခဲ့သဖြင့် မိုင်းလားမြို့တွင် ရောက်ရှိနေသည့် ကိုဝဏ္ဏအောင်ကိုပါ ထပ်မံဖမ်းဆီးပေးရန် တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။
ထို့နောက် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) က ကိုဝဏ္ဏအောင်ကို ထပ်မံဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက် နေ့တွင် စစ်တပ်ထံသို့ လက်လွှဲပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် တော်လှန်ရေးအသိုင်းအဝိုင်းက အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် ကိုဝဏ္ဏအောင်နှင့် ဇနီးဖြစ်သူတို့ နှစ်ဦးစလုံးမှာ စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး မိသားစုနှင့် တော်လှန်ရေးအသိုင်းအဝိုင်းတို့က ၎င်းတို့၏ နောက်ဆက်တွဲ အခြေအနေများကို အဆက်အသွယ် ပြတ်တောက်လျက် ရှိနေကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ဆက်ဆံရေးပုံစံတစ်ရပ် ရှိနေသည့် မိုင်းလား (NDAA) အဖွဲ့အနေဖြင့် လာမည့် သြဂုတ်လအတွင်း ‘ဝ’ တပ် (UWSA) နှင့် ကိုးကန့်တပ် (MNDAA) တို့နှင့်အတူ နေပြည်တော်သို့ သွားရောက်ကာ စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဖြစ်သည်။
ထိုသို့ ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးကာ စစ်တပ်ထံ အပ်နှံခဲ့သည့် ဖြစ်စဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။