မလေးရှားရောက် ရိုဟင်ဂျာ ၅,၀၀၀ ကို မြန်မာဘက်က ပြန်လည်လက်ခံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။ 

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ အား ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူလိုက်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) က ပြောကြားလိုက်သည်။

မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံကြား သံတမန်ရေးအရ နည်းလမ်းတကျ ညှိနှိုင်းဆွေးနွေးခဲ့မှုများကြောင့် အဆိုပါ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိနေသည့် ရိုဟင်ဂျာ ၃ သိန်းကိုလည်း ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူထားကြောင်း ဝန်ကြီးချုပ် အန်ဝါက စဲနား (Chennah) ဒေသခံများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသည့် ရိုဟင်ဂျာများအနေဖြင့် ဒေသခံများ၏ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း မပြုကြရန် သတိပေးထားပြီး၊ စည်းကမ်းဖောက်ဖျက်သူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားရန် ရဲချုပ်အား ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခင်က မြန်မာဘက်က လက်မခံခဲ့သည့်အတွက် ဒုက္ခသည်များကို ပြန်လည်စေလွှတ်ရန် ခက်ခဲခဲ့သော်လည်း အဆိုပါ သံတမန်ရေးရာ ညှိနှိုင်းမှုများကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို စတင်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အခြားတစ်ဖက်တွင်မူ ပြည်ပနိုင်ငံများမှ ပြန်လည်စေလွှတ်သည့် လူငယ်များအား မြန်မာပြည်ပြန်ရောက်သည့်အခါ အမျိုးသမီးများပါမကျန် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Photo:Reuters/Hasnoor Hussain