ကချင်ပြည် ဒေသ သုံးခုတွင် တိုက်ပွဲများပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဒေသခံပြည်သူများမှာ အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗန်းမော်မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော နမ့်ဖားရွာနားတွင် ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းကစတင်၍ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ဒေသများကို ပြန်လည်သိမ်းပိုက်ရန် စစ်အင်အားဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ် လာခြင်းကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် KIO/KIA ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တိုက်ပွဲများ ပြင်းထန်နေသလို ရွှေကူ-ဗန်းမော် ကားလမ်းပိုင်းပေါ်ရှိ နမ့်ဖားကျေးရွာ ချောင်းကူးတံတားဟောင်း နှင့် တံတားသစ် နှစ်စင်းစလုံးကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည်။ 

ထိုကဲ့သို့ တံတားများ ဖျက်ဆီးခံရခြင်းကြောင့် လက်ရှိတွင် လူနှင့်ဆိုင်ကယ်များသာ သတိထားသွားလာနေ ကြရပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများ က ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက တိုက်ပွဲကလည်း နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ပြောလို့ရတယ်ဗျ။ လက်နက် ကြီး၊ ဒရုန်း၊ လေကြောင်း အကုန်လုံးကို သုံးနေတော့တာပဲ။ တံတားတွေ ဖျက်ဆီးခံရတာကြောင့် လက်ရှိမှာ လူနဲ့ဆိုင်ကယ် တွေသာ သတိထားသွား လာနေရပြီး ကုန်တင်ယာဉ်ကြီးတွေ ဖြတ်သန်းဖို့ရာမှာတော့ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေကြရပါတယ် ဟု ပြောသည်။

အလားတူ ရွှေကူမြို့နယ် ငါးဘတ်ကြီးကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဇူလိုင်လအတွင်း အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရသည်။ 

ဧရာဝတီမြစ်ကမ်းဘေးရှိ အဆိုပါကျေးရွာဘက်သို့ စစ်တပ်က ပစ်မှတ်ထားကာ နေ့စဥ်နီးပါး တိုက်ခိုက်လျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ ငါးဘတ်ကြီးရွာကို စစ်တပ်က ပစ်မှတ်ထား ပြီး လေကြောင်း ကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဥ်လိုလို လုပ်နေပါတယ် ဟု ပြော သည်။

ရွှေကူမြို့နယ်အတွင်း ဇွန်လ ၁၁ ရက်က စတင်ကာ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်ခြင်းနှင့် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၅ ဦးခန့် ရှိလာပြီဖြစ်သည်။ 

ထို့ပြင် မြို့ထဲတွင် တပ်စွဲထားသည့် စစ်တပ်က နေရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် မြို့ခံ များမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရသော်လည်း စစ်တပ်က မြို့ကိုပိတ်ဆို့ထားကာ အရပ်သား များကို ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထားသည်။

ဗန်းမော်နှင့် ရွှေကူအပြင် ခေါင်လန်ဖူးဒေသဘက်တွင်လည်း စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ နေ့တိုင်းဆိုသလို ဖြစ်ပွားနေပြီး ဒေသခံများမှာ ပူတာအိုဘက်သို့ တိမ်းရှောင်နေကြရသည်။ 

ထို့အတူ ကချင်-စစ်ကိုင်းအစပ် အင်းတော်ဒေသနှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း၌လည်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီတပ်မတော် (SNA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် ဒေသခံ ရာနှင့်ချီကာ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်။

ဓါတ်ပုံ – RSM