ထိုင်းရောက်မြန်မာလုပ်သားများ ဝင်ငွေနည်းပါးသော်လည်း ၃ နှစ်စာအခွန် ပေးဆောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန်အတွက် ၃ နှစ်စာ အခွန်ပေးဆောင်နေရပြီး လုပ်ခလစာ နည်းပါးသည့်ကြားမှ ယခုကဲ့သို့ ကုန်ကျစရိတ်များ မြင့်မားလာ ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
အခွန်နှုန်းထားမှာ တစ်လ လုပ်ခလစာ ဘတ် ၇,၅၀၀ ပေါ်မူတည်၍ တစ်လလျှင် အခွန်ဘတ် ၁၅၀ နှုန်းဖြင့် ၃ နှစ်စာအခွန်အတွက် အနည်းဆုံး ဘတ် ၅,၀၀၀ ဝန်းကျင်ခန့် ကုန်ကျနေသည်။
ယခင်နှစ်များက ပြည်တွင်း၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူများသာ ပေးဆောင်ကြရသော်လည်း ၂၀၂၆ ခုနှစ် ဇူလိုင်လနှောင်းပိုင်းမှစ၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအထိ အဆိုပါဥပဒေမှာ အသက်ဝင်လာခြင်း ဖြစ်သည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့်သူများ အနေဖြင့် ၂၀၂၃ ခုနှစ်မှစ၍ ၎င်းတို့ရောက်ရှိနေသည့်လအထိ အခွန်ပေးဆောင်ကြရကာ အနည်းဆုံး ၃ နှစ်စာခန့် ရှိသည်။
အကျိုးဆောင်တစ်ဦးက “အရင်ကတော့ ပြည်တွင်းမှာ ပြန်တိုးတဲ့လူတွေကို OWIC ကတ် ထုတ်ပေးတယ်။ နေပြည်တော်ကပေါ့နော်။ အဲတာရမှ ထွက်လာလို့ရတာ။ အခုက အဲဒီ OWIC ကို ဒီမှာ ထုတ်ပေးလိုက်တာ။ မကြာသေးဘူး။ အရင်လတွေကမှ စပြောင်းလာတာ။ စာအုပ်တိုးတဲ့လူတိုင်း ပေးရတယ်” ဟု ပြောသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသည့်ရက်တွင်လည်း လက်ကျန်ရက်များကိုပါ တွက်ချက်ကာ ကြိုတင် အခွန်ဆောင်ခိုင်းပြီး ကြိုဆောင်ခအနေဖြင့် ဘတ် ၁,၀၀၀ ကောက်ခံကြောင်း ယခုရက်ပိုင်းအတွင်း သံရုံး၌ သက်တမ်းတိုးခဲ့သူတစ်ဦးက ဆိုသည်။
“စာအုပ်က ၆ လ သက်တမ်း အနည်းဆုံး ကျန်ရမယ်ဆိုတော့ ကျနော်တို့က ကြိုတိုးရတာကိုး။ ဆိုတော့ ကျနော် တိုးတဲ့အချိန်က ၆ လစာကျန်သေးတယ်။ အဲဒါပြီးမှ သက်တမ်းကုန်မှာ။ အဲလို ကြိုတိုးတဲ့အတွက်ကို သူတို့က ဘတ် တစ်ထောင် ကောက်တာ။”
သက်တမ်းတိုးသူများသည် စာအုပ်လဲခ ၁၀,၅၀၀ ဘတ်နှင့် ၃ နှစ်စာအခွန် ဘတ် ၅,၀၀၀ ဝန်းကျင်အပါအဝင် စုစုပေါင်း ဘတ် ၁၆,၀၀၀ ဝန်းကျင်အထိ ကုန်ကျနေပြီး ထိုစရိတ်မှာ ထိုင်းရောက် အခြေခံလုပ်သားတစ်ဦး၏ လစာထက်ပင် မြင့်မားနေသည်။
ယခင်က စာအုပ်သက်တမ်း တိုးရာတွင် ပွဲစားအပ်မှသာ ဘတ် ၁၂,၀၀၀ ဝန်းကျင်ခန့် ကုန်ကျလေ့ရှိသော်လည်း လက်ရှိတွင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေသဖြင့် ကိုယ်တိုင်သွားရောက် သက်တမ်း တိုးကြသူများ ပိုမိုများပြားလာကြောင်း အကျိုးဆောင်အချို့က ပြောဆိုကြသည်။
ထို့ပြင် လာမည့်နှစ်တွင် ထိုင်း-မြန်မာ သွားလာခွင့်လက်မှတ် (CI) ကိုပါ ထုတ်ပေးခွင့်ပိတ်သိမ်းမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် စာအုပ်အနီရောင်ကိုသာ မဖြစ်မနေ လုပ်ဆောင်ရမည်ဟူသော သတင်းများ ပျံ့နှံ့နေသဖြင့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပိုမိုစိုးရိမ်ပူပန်နေကြရသည်။
OWIC ကတ်ဖြင့် ပြည်ပရောက် အလုပ်သမားများထံ အခွန်ကောက်ခံသည့်စနစ်ကို ၁၉၉၉ ခုနှစ် ပြည်ပ အလုပ် အကိုင် ဥပဒေအရ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပတ်စ်ပိုစ့်ရုံးများ၌ စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါဥပဒေမှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးများတွင်ပါ အသက်ဝင်လာခြင်းကြောင့် ရွှေ့ပြောင်းလုပ်သား များမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင်ရန်အတွက် အလုပ်ချိန်ပိုလုပ်ကာ ရုန်းကန်နေကြရသည်။