တိုက်ပွဲနှင့် ဗုံးကြဲမှုများကြောင့် ကရင်နီတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါး  တိုးလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။

ကရင်နီပြည်တွင် ဇူလိုင်လအတွင်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ထောင်စု ၂၅၀ နီးပါးမှာလည်း ထပ်မံတိမ်းရှောင်ခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားသည်။

ဇူလိုင်လအတွင်း ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားရာ မဟုတ်သည့် ကျေးရွာများဘက်သို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KnHRG က ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး KnHRG ၏ ဒါရိုက်တာ မမေက လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ မြင့်တက်နေဆဲ ဖြစ်တယ်ပေါ့နော်။ စစ်ကောင်စီဘက်ကနေပြီးတော့ နေရာထပ်တိုးဖို့ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ တော်တော်လေး တိုက်ပွဲ ပြင်းထန်တဲ့ အနေအထားမျိုးဖြစ်တယ်။ အဲ့ဒီအတွက် ကြောင့်မို့ တိုက်ပွဲဖြစ်တဲ့ နေရာမှာဆိုလို့ရှိရင် နေ့တိုင်း လေယာဉ်၊ ဒရုန်းနဲ့ ကြဲတာ၊ တိုက်ခိုက်တာတွေလည်း ရှိတယ်။ အဲ့ဒါအပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း လက်နက် ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက် ပြုလုပ်နေတဲ့ဟာ ရှိတယ်ပေါ့နော်ဟု ပြောသည်။

ထို့ပြင် စစ်တပ်၏ စစ်ကြောင်းထိုးမှုနှင့် အရပ်သားများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မိုးဗြဲ အနောက်ခြမ်း၊ ဖလိုင်တောင်ခြေအနီးဝန်းကျင်ရှိ ကျေးရွာဒေသခံနှင့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါးမှာ ထပ်မံရွှေ့ပြောင်း ထွက်ပြေးခဲ့ကြရသည်။ 

လက်ရှိတွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ အနီးတစ်ဝိုက်၌ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေ သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ထပ်မံတိမ်းရှောင်နေကြရသည်။

ဩဂုတ်လ ၆ ရက်နေ့တွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်း တစ်နေရာကို စစ်တပ်က လေကြောင်းမှ သုံးကြိမ်တိုင် တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

အလားတူ ဩဂုတ်လ ၄ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ငါးဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဒီးမော့ဆိုအနောက်ခြမ်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက စစ်ရှောင်တွေက စိတ်ပူ တာပေါ့။ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့လည်း သိပ်မဝေးဘူး။ ထပ်တိမ်းရှောင်ဖို့နေရာလည်း အဆင်မပြေဘူးလေ။ ပြီးတော့ လေယာဉ်နဲ့ လာကြဲသွားတာ အရမ်းနီးတယ်။ ဘယ်ချိန် စစ်ရှောင်စခန်းတွေမှာ ထပ်လာကြဲမလဲဆိုတဲ့ စိတ်နဲ့ ပူပန်သောကတွေ ရောက်နေတယ်။ ဘယ်နေရာပဲနေနေ လုံခြုံမှုမရှိတော့ အနာဂတ်အတွက် မျှော်လင့် ချက်တွေ ယုံကြည်မှုတွေ စိတ်လျော့အားနည်းလာကြတယ် ဟု ပြောသည်။

ကရင်နီ ပြည်သူလူထုအနေဖြင့် လက်ရှိတွင် ရှင်သန်ရေးအတွက်သာ ရုန်းကန်နေကြရပြီး အနာဂတ်အတွက် မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း KnHRG က ထောက်ပြပြောဆိုထားသည်။ 

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူများ ကြုံတွေ့နေရသည့် အကျပ်အတည်းကို အရေးပေါ် အခြေအနေအဖြစ် အသိအမှတ်ပြုရန်၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ပါးစေရန်နှင့် တရားမျှ တမှုအတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန် KnHRG က တိုက်တွန်းတောင်းဆိုထားသည်။