သံတွဲ ကျောက်ကြီးရွာကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော် AA နှင့် ပြည်သူများက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် မိနစ် ၂၀ ခန့် လှည့်ပတ်ကာ ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးများ ကြဲချခဲ့သဖြင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးသီးများသည် ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအပြင် ဒေသခံ ၈ ဦး ဒဏ်ရာရရှိကာ ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ် သည်။ ထို့ပြင် ပတ်ဝန်းကျင်ရှိ အရပ်သား နေအိမ် အဆောက်အအုံ ၂၀ ခန့်လည်း လုံးဝနီးပါး ပျက်စီးသွားခဲ့သည်။

သံတွဲမြို့နယ် ဒေသခံတစ်ဦးက လေယာဉ်သံ ကြားတော့ ကျောင်းနားက ဗုံးခိုကျင်းဘက် ပြေးကြတာပါ။ ဂျက် ဖိုက်တာက ဝဲနေပြီးတော့ ဝုန်းဆို ပေါက်ကွဲသံကြီး ၃ ချက် ဆက်တိုက် ကြားလိုက်ရတယ်။ ခနနေတော့ ဘုန်း ကြီး ကျောင်းဘေးက အိမ်တွေ အကုန်လုံးလည်း ပျက်စီးကုန်တယ်။ အကုန် ကြေမွသွားတာပဲ။ လူတွေလည်း ပြန့်ကျဲပြီး သေကုန်ကြတယ်၊ ဒဏ်ရာ ရတဲ့သူ တွေလည်း များတယ်။ အကုန်လုံး ငို၊ အော်ပြီး အကူအညီ တောင်းနေကြရတယ် ဟု ပြောသည်။

သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က နေ့ရော ညပါ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခဲ့သဖြင့် အရပ်သား သေဆုံး ဒဏ်ရာရရှိသူ များပြားခဲ့ပြီး အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရသည်။

သံတွဲရှိ ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက အခုက ရွာထဲမှာ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ ရွာတွေကို လေယာဉ်နဲ့ တမင် လိုက်ကြဲနေတာ။ ပြည်သူတွေမှာ ဘယ်အချိန် လေယာဉ်လာမလဲဆိုပြီး ကြောက် လန့်နေရတယ်။ ညဘက်လည်း သတိထား အိပ်နေကြရတာပဲ။ လေယာဉ်သံ ကြားတာနဲ့ တောထဲပြေး ပုန်း အဲ့လိုမျိုးနေကြရတာ ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) က မိဘပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ယခင်ထက် ပိုမိုဂရုစိုက်ကြရန် အသိပေး တိုက်တွန်းထားပြီး ယနေ့ ကျောက်ကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့် စာရင်းအသေးစိတ်ကို ထပ်မံ ထုတ်ပြန်ပေး သွားမည်ဟု ဆိုသည်။