မြောက်ဦးရှိ ရှေးဟောင်းအမွေအနှစ် နေရာများကို AA တားမြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။
ရခိုင်ပြည်၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိသော ရင်တားပါ တံတိုင်းနှင့် လက်ဆည်ကန်၊ အနူမကန် ဧရိယာများကို မပျက်စီးဘဲ ရေရှည်တည်တံ့စေရန်အတွက် အာရက္ခတပ်တော် (AA) က ဝင်ထွက်သွားလာခွင့် တားမြစ်လိုက်သည်။
အဆိုပါ ရင်တားပါတံတိုင်းနှင့် ရေကန်များမှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က ရခိုင်ဘုရင်များ လက်ထက် တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အသုံးပြု တည်ဆောက်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင် နေရာများ ဖြစ်သည်။
ယခုအခါ အဆိုပါ တံတိုင်းမှာ သက်တမ်း ကြာမြင့်လာပြီဖြစ်၍ ဟောင်းနွမ်းနေပြီဖြစ်သဖြင့် လူ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ တံတိုင်းပေါ်သို့ လုံးဝ မတက်ရောက်ရန်၊ ကန်အတွင်း လှေများဖြင့် ငါးဖမ်းခြင်း၊ ရေကူးခြင်း၊ ဟင်းရှာခြင်းနှင့် ကျွဲ၊ နွား လွှတ်ကျောင်းခြင်းများကို လုံးဝ မပြုလုပ်ကြရန် AA က ကြေညာထားသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လွန်ခဲ့တဲ့ ဇူလိုင်ကတည်းက ရင်တားပါတံတိုင်းနဲ့ လက်ဆည်ကန်၊ အနူမကန် ဧရိယာတွေကို ဝင်ထွက်ခွင့် တားမြစ်မယ်လို့ ကြားတာ။ အခု စက္ကူကပ်ထားပြီ” ဟု ပြောသည်။
ထို့ပြင် ရေကန်အတွင်း ရေမချိုးရန်၊ ဝိုင်းဖွဲ့ စားသောက်ခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းနှင့် အညစ်အကြေး စွန့်ပစ် ခြင်းများ လုံးဝ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။
သံတွဲမြို့နှင့် မြောက်ဦးမြို့အကြား သွားလာ ကုန်ကူးနေသည့် အမျိုးသမီးတစ်ဦးက “ဒီလထဲလည်း ကျမ ရောက် ပါတယ်။ ဆေးတွေ၊ ဖိနပ်တွေ ဝယ်ဖို့ ရောက်ရင်း သွားကြည့်ဖြစ် တော့ နွားတွေက စည်းကမ်းမဲ့ ဝင်နေတယ်၊ လူတွေလည်း အချင်းချင်း ကိုယ့်အသိနဲ့ကိုယ် ထိန်းသိမ်းဖို့ လိုတယ်” ဟု ပြောသည်။
မည်သူမျှ ခွင့်ပြုချက် တစုံတရာ မရရှိဘဲ အဆိုပါ ဧရိယာအတွင်းသို့ ဝင်ထွက်သွားလာခြင်း မပြုရဟု ထုတ်ပြန် ထားပြီး ထိုတားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က အသိပေးထားသည်။