CDF – Asho တပ်ဦးချုပ်အပါအဝင် ၃ ဦး ကျဆုံးကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
ချင်းကာကွယ်ရေးတပ် (အရှို) ၏ တပ်ဦးချုပ် (စစ်ဦးစီးချုပ်) အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး တော်လှန်ရေးတာဝန်များ ထမ်းဆောင် ရင်း ကျဆုံးသွားခဲ့သည်။
ချင်းကာကွယ်ရေးတပ် (အရှို) ၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော် အောင်လင်းဇော်တို့သည် တော်လှန်ရေးတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း CDF – Asho က ဩ ဂုတ်လ ၁၇ ရက်နေ့တွင် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်သည်။
CDF – Asho ၏ တပ်ဦးချုပ်တာဝန် ထမ်းဆောင်နေသူ ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော် အောင်လင်းဇော်တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ပေးအပ်ထားသော တော်လှန်ရေး တာ ဝန်များကို အသက်နှင့်ခန္ဓာ စွန့်လွှတ်ကာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၇ ရက်စွဲပါ အမိန့်ပြန်တမ်းများတွင် ဖော်ပြထားသည်။
“သူတို့ ခြုံခိုတိုက်ခိုက်ခံရတယ်။ အဲ့မှာ သုံးယောက်ကျတယ်။ တစ်ယောက်က အဖမ်းရတယ်။ တာဝန်နဲ့ သွားရင်းနဲ့ လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ရန်သူဘက်က သတင်းရသွားလို့ပဲ ပြောရမယ် ထင်တယ်” ဟု CDF-Asho တာဝန်ရှိသူက ပြောသည်။
တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးခဲ့ရမှုသည် CDF – Asho နှင့် အရှိုချင်းလူမျိုး အားလုံးအတွက် အစားထိုးမရ နိုင်သော ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနှင့် ယုံကြည်စွာအပ်နှင်းထားသော တပ်ဦးချုပ်တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သွားခဲ့သည့်အတွက် များစွာဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
CDF – Asho နှင့် နီးစပ်သည့် တော်လှန်ရေးသမားတစ်ဦးက “လောလောဆယ် ကျနော်တို့ ဆက်သွားမယ်၊ ဆက်တိုက်မယ်။ ဆုံးရှုံးမှုကြီးတယ်၊ စိတ်ထဲ တော်တော်မကောင်းပါဘူး။ ဒီအချိန် ဒါလောက်တော့ ပြောပါ့မယ်” ဟု ပြောသည်။
ကျဆုံးသွားခဲ့သော တပ်ဦးချုပ်နှင့် ရဲဘော်များ၏ ဝိညာဉ်ရှေ့မှောက်တွင် မပြီးပြတ်သေးသည့် တော်လှန်ရေး တာ ဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CDF – Asho က ကတိသစ္စာပြုထားပြီး တော်လှန်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သဖြင့် ငြိမ်းချမ်းစွာ အနားယူနိုင်ပြီဖြစ်ကြောင်းနှင့် ကောင်းရာ သုဂတိလားပါစေကြောင်း လေးစားစွာ ဦးညွှတ်ဆုတောင်းထားသည်။
သို့သော် ယခု ကျဆုံးသွားခဲ့သော တပ်ဦးချုပ်နှင့် ရဲဘော်များသည် မည်သည့်နေရာ၊ မည်သည့်တိုက်ပွဲတွင် ကျဆုံးသွားသည်ကို အတိအကျ ထုတ်ပြန်ဖော်ပြထားခြင်း မရှိပေ။
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) သည် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နှင့် ပဲခူးရိုးမ အစပ် နယ်မြေများရှိ မြေပြန့်ချင်း (အရှိုချင်း) လူမျိုးများ မှီတင်းနေထိုင်ရာ ဒေသများတွင် စစ်ရေး လှုပ်ရှားနေသည့် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သည်။
CDF – Asho သည် ငဖဲ၊ ပဒါန်း၊ မင်းဘူးနှင့် သရက် စသည့် ဒေသများတွင် စစ်အုပ်စုတပ်များကို စစ်ရေးအရ တိုက်ခိုက်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့များနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် အမ်း – ပဒါန်း လမ်းကြောင်းနှင့် နတ်ရေကန် စစ်မျက်နှာ အပါအဝင် ရခိုင်ရိုးမတစ်လျှောက် စစ်ဆင်ရေးများတွင်လည်း အာရက္ခတပ်တော် (AA) နှင့်အတူ မဟာမိတ်ပြု၍ စစ်အုပ်စု တပ်ကို ဖြတ်တောက် တိုက်ခိုက်လျက်ရှိသည်။
ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ရိုးမတစ်လျှောက် စစ်ရေးအရ အရေးပါသော လမ်းကြောင်းများကို စိုးမိုးနိုင်ရေး ပူးပေါင်းစစ်ဆင်မှုများ ပြုလုပ်နေသည့် တပ်ဖွဲ့လည်း ဖြစ်သည်။
ဓါတ်ပုံ – Chin Defence Force – Asho