EUက ရုရှားအပေါ်က ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်။
ဥရောပသမဂ္ဂ (EU) ၏ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံ၏ စစ်ရေးစရိတ် ယူရို ၁ ထရီလီယံကျော် ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်းနှင့် လာမည့်လများအတွင်း အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်း EU နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာယာ ကာလာ့စ် (Kaja Kallas) က ပြောကြားသည်။
အဆိုပါ ပိတ်ဆို့မှုအသစ်များကို အတည်ပြုနိုင်ပါက ရုရှားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် အရေးယူထားမှုစာရင်းမှာ လက်ရှိထက် သုံးပုံတစ်ပုံခန့် တိုးလာမည်ဖြစ်သည်။
အဓိကအားဖြင့် ရုရှား၏ စစ်ဘက်ဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများကို ပစ်မှတ်ထားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၁,၆၀၀ ခန့်ကို စာရင်းသစ်သွင်းရန် လျာထားသည်။
အရေးယူမှုပုံစံများတွင် ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ လွှဲပြောင်းမှုများ ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ပိတ်ဆို့ခြင်းတို့ ပါဝင်မည်ဖြစ်သည်။
ယင်းအရေးယူမည့်စာရင်းကို လာမည့် စက်တင်ဘာလဆန်းတွင် တင်ပြ၍ အောက်တိုဘာလအတွင်း အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။
ထို့အပြင် ကလေးသူငယ် လူကုန်ကူးမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် သတင်းအမှား ဖြန့်ဝေမှုများတွင် ပါဝင်ပတ်သက်သူများကိုလည်း ဆက်လက် ပစ်မှတ်ထား အရေးယူသွားမည်ဟု ဆိုသည်။