ဧရာဝတီနှင့် ရခိုင်အစပ် ဒေသကို စစ်တပ် ထိုးစစ်ဆင်၍ တိုက်ပွဲများ ပြင်းထန်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမြောက်တပ် အမတ (၃၄၄) ဝန်းကျင်နှင့် သာပေါင်းမြို့နယ် စက်ဒေါင့်ကြီး ကျေးရွာဘက်တွင် စစ်အုပ်စုတပ်က ထိုးစစ်ဆင်လာ၍ အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ 

ဩဂုတ်လ ၁၆ ရက်နေ့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမြောက်တပ် အမတ (၃၄၄) ပတ်ဝန်းကျင်နှင့် သာပေါင်းမြို့နယ်ရှိ စက်ဒေါင့်ကြီး၊ စက်ဒေါင့်လေး၊ ဘုရားကြီး၊ ကျောက်ချောင်း၊ ညောင်ပင် ဆိပ်၊ ကုလားကုန်း၊ သရက်တော စသည့် ကျေးရွာများအနီး၌ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ရေကြည်၊ သာပေါင်းမြို့နယ်တွေကနေ ရခိုင်ဂွမြို့ ကို စစ်တပ်က ထိုးစစ်ဆင်နေတာ ဒီရက်ပိုင်း ရပ်မသွားဘူး။ ဂွမြို့နယ်ထဲကို ဝင်မယ့် သာပေါင်းဘက်လမ်း၊ ရေကြည်ဘက်က ငသိုင်းချောင်းလမ်းတွေကနေ စစ်တပ်ထိုးနေတာ။ အဲဒီအချိန်မှာ အေအေက ဖြတ်တိုက်နေလို့ အကျအဆုံး များပါတယ်။ အေအေက တန်ပြန်တိုက်စစ် ပုံစံနဲ့ တိုက်နေတဲ့ အနေအထားပါဟု ပြောသည်။

AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အမတ (၃၄၄) ပတ်ဝန်းကျင်နှင့် ကာကင်းစခန်းများကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်အုပ်စုတပ်၏ ထိုးစစ်ကို တန်ပြန်ဟန့်တား တိုက်ခိုက်နေသဖြင့် စစ်အုပ်စုတပ်ဘက်မှ အထိနာကာ သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးဘက်တွင် ထိခိုက်သေဆုံးနှင့် ဒဏ်ရာရရှိသူများကို ပုသိမ်တပ်နယ်ဘက်သို့ ပို့ဆောင်နေရကြောင်း ဆိုသည်။

စစ်အုပ်စုတပ်သည် ငါးသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို အခြေပြု၍ ဂွဘက်သို့ စစ်ကြောင်းဖောက်ရန်နှင့် လက်လွှတ်ခဲ့ရသည့် ပွိုင့်ကုန်းများကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

အင်းတိုင်အခြေစိုက် အမှတ် (၆၆) ခြေလျင်တပ်မဌာနချုပ် လက်အောက်ခံတပ်များလည်း သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးဆိပ်ကမ်းမှတစ်ဆင့် စစ်အင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းထားသည်။

ထို့ပြင် ငဝန်မြစ်တစ်ဖက်ကမ်းရှိ ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ် ကမ္ဘားကြီးနှင့် ညောင်ပင်သာ ဒေသများ ဘက်သို့လည်း စစ်အုပ်စုတပ်က ပြန်လည်စစ်ကြောင်းထိုးနေပြီး ကမ္ဘားကြီးကျေးရွာတွင် တပ်စွဲကာ ရေကြည် – သာပေါင်း – ဂွ လမ်းကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများကို ဆက်တိုက်အသုံးပြုနေသဖြင့် အမတ (၃၄၄) ဝန်းကျင်နှင့် ငါးသိုင်းချောင်း-ဂွ လမ်းပိုင်းတွင် စစ်ရေးတင်းမာမှု မြင့်တက်နေပြီး ဒေသခံများ၏ အသွားအလာနှင့် လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာ ပေါင်းကလေးကျေးရွာ အနီးဝန်းကျင်ရှိ AA စစ်ကြောင်းများရှိရာ နေရာများသို့ စစ်အုပ်စုတပ်က အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်လာ၍ နေရာ ၅ နေရာထက်မနည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း AA က ဩဂုတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – (ပုံဟောင်း – Crd)