နတ်ရေကန်သို့ စစ်ကူလာသည့် စစ်တပ်ကို AA ကြားဖြတ်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာဘက်မှ နတ်ရေကန် စခန်းကုန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်၏ ယာယီစခန်းများကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ရခိုင်ပြည်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် စစ်ရေးအရ အရေးပါသော အမ်း-ပဒါန်း လမ်းမပေါ်ရှိ နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး၌ တပ်စွဲထားသော စစ်တပ်၏ ယာယီစခန်းများကို ဩဂုတ်လ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အာရက္ခတပ်တော် (AA) က ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ငဖဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “အမ်း-ပဒါန်း လမ်းမပေါ်ကို ဂုတ်ကြီးဖက်က တက် လာတဲ့ စစ်တပ်စစ်ကြောင်းက အင်းအား နှစ်ရာကျော်ဟာ ယာယီစခန်းလေးတွေ ငါးခု လောက်ရှိတယ်။ အဲ့စခန်းတွေထဲက ၃ ခုလောက်ကို အေအေက ဖြတ်တိုက်ပြီး ပြန် ပြန်ဆုတ်တယ်။ စစ်တပ် အကျအဆုံးများ တယ်” ဟု ပြောသည်။
အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်တပ် စစ်ကြောင်းသည် AA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ယာယီ စခန်းများ ပြိုပျက်သွားပြီး မစခ ၉၀၅ ဆုံကုန်း အမြောက်တပ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
ထို့နောက် နတ်ရေကန်စခန်းသို့ အင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်နိုင်ရန် ထပ်မံပြင်ဆင် လျက် ရှိကြောင်းဆိုသည်။
အဆိုပါ စစ်ရေးသတင်းရင်းမြစ်က “စစ်တပ်က ဒီစစ်ကြောင်းတွေက နတ်ရေကို အဆက်အသွယ် ချိတ်မိအောင် တက်လာတာ။ အေအေက နတ် ရေကန်ကို ဝန်ပြီးပိတ်ဆို့ထားတော့ အဆက်အသွယ်ရဖို့ တက်လာတာ။ အေအေ ကလည်း လုံးဝ အချိတ်အဆက် ခွင့်မပေးဘူး။ စစ်တပ်က တော်တော်များများ ပြန်ဆုတ် သွားတယ်။ ကျန်သေး တဲ့ စစ်သားတွေလည်း ဖရိုဖရဲပဲ။ ဒီလိုဖြစ်နေတာတော့ တော်တော်ကြာနေပြီ” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) သည် စစ် တပ်၏ ယာယီခြေကုတ်စခန်းများကို ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ဘာ တို့ဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တပ်ဖွဲ့များကပါ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့သည်။
အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် နတ်ရေကန် ဗျူဟာကုန်း၏ ကာကင်းစခန်း များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ထားပြီး ဗျူဟာကုန်းတစ်ခုလုံးကို ပိတ်ဆို့ဝိုင်းရံထားသည်။
စစ်အုပ်စုတပ်က ပိတ်ဆို့ခံထားရသည့် နတ်ရေကန်တောင်သို့ လေကြောင်းစစ်ကူများဖြင့် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာနေရပြီး AA ဘက်က နတ်ရေ ကန် တောင်ကြောတစ်လျှောက်ရှိ စစ်အုပ်စု၏ ယာယီခြေကုတ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။