စစ်ကိုင်းတိုင်း ကနီ၌ စစ်တပ် စစ်ကြောင်းထိုး၍ ပြည်သူ ၁၀,၀၀၀ ခန့် စစ်ရှောင်နေရ၊ ဒေသခံအချို့ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က အင်အား ရာနှင့် ချီ၍ ရေကြောင်းအပြင် မြေပြင်ကနေပါ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ပြည်သူ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
မုံရွာ-ကနီ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်ခွာလာသည့် စစ်တပ်သည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကနီနယ် ချောင်းမကျေးရွာသို့ ရောက်ရှိလာပြီးနောက် အဖွဲ့များခွဲကာ ရွာစဉ်ပတ်မွှေ၍ ဖောက်ထွင်း လုယက်မှုများ ပြုလုပ်လျက်ရှိသည်။
ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တပ်က မင်းမကျေးရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းကာ ရွာခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် မုဋ္ဌောကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို လည်း ပိတ်ဆို့ဖမ်းဆီးထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင် စစ်ရှောင် အကူအညီပေးနေသည့် ဒေသခံတစ်ဦးက “နမခဘက်က စစ်သင်္ဘော တွေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတာရော မြေပြင်ကနေ စစ်ကြောင်းပါ အပြိုင်ထိုးလာတာကြောင့် ဒေသ ခံတွေ ဘုန်းကြီးကျောင်းမှာ သွားပုန်းနေရင်း ကြားညှပ် ပိတ်မိသွားကြတာ။ မင်းမရွာက ဖမ်းခံရတဲ့ အမျိုးသား ၆ ယောက်အပါအဝင် မုဋ္ဌောရွာဘက်မှာ မိသွားတဲ့ စစ်ရှောင်တွေကို စစ်အုပ်စုတပ်က အခုထိ ပြန်မလွှတ်သေး ဘူး” ဟု ပြောသည်။
ထို့ပြင် စစ်တပ်သည် စစ်သင်္ဘောနှင့် ထောက်ပို့ ရေယာဉ် အစီး ၃၀ ကျော်ဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းစဉ် ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး၊ ဒရုန်းနှင့် တိုက်လေယာဉ်များကို အသုံးပြုကာ မြစ်ရိုးတစ် လျှောက်ရှိ ကျေးရွာများကို ဗုံးကြဲခဲ့သည်။
ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်နှင့် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီ စီမံကိန်းတို့ဘက်မှလည်း မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
စစ်အုပ်စုတပ်က ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ၊ မုဋ္ဌော၊ အောင်မင်္ဂလာ အပါအဝင် ရွာပေါင်း ၁၀ ရွာ ထက်မနည်းကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက် ပြေးခဲ့ကြရသည်။
စစ်ရှောင်များကို အကူအညီပေးနေသူက “စစ်ကြောင်းက ရုတ်တရက် ရွာထဲ ဝင်လာတာဆိုတော့ ဘာပစ္စည်းမှ လည်း မသိမ်းနိုင်ဘူး။ တစ်ဖက်ကလည်း မြစ်ထဲက စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ လှမ်းပစ်နေတော့ နှစ်ဖက်ညှပ်ခံထားရသလိုဖြစ်သွားတာ” ဟု ပြောသည်။
ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်တပ်က ကနီမြို့နယ် အနောက်မြောက်ခြမ်းကို ဂျိုင်ရို ကော်ပတာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သည်။
စစ်တပ်၏ လအတော်ကြာ စစ်ကြောင်းထိုး တပ်စွဲမှုများကြောင့် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးနှင့် သားသမီးများ၏ ပညာရေးအတွက် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးကလည်း “စစ်တပ်က ကျမတို့ ရွာတွေမှာ စခန်းချနေတာ လေးလနီးပါး ရှိနေပြီဆိုတော့ မိသားစုတွေလည်း အလုပ်မလုပ်ရဘူးလေ။ ကလေးတွေ စာသင်ဖို့လည်း လုံးဝ မလွယ်တော့ဘူး။ စစ်ရှောင်ရက် ကြာလာတော့ တခြားရွာတွေမှာ ခဏခိုလှုံရတာလည်း အဆင်မပြေမှုတွေ ရှိလာတယ်။ ရွာကို ပြန်ရင်လည်း စစ်တပ်နဲ့ ပူးပေါင်းတယ်လို့ ထင်ခံရမှာ ပူနေရတယ်” ဟု ပြောသည်။
လက်ရှိတွင် ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းနှင့် ချင်းတွင်းမြစ်ရိုး တစ်လျှောက်၌ စစ်တပ်က စစ်ကြောင်း ဆက်လက်ထိုးနေသဖြင့် စစ်ဘေးရှောင် ဦးရေ ပိုမို တိုးလာနိုင်ကြောင်း အကူအညီပေးနေသူများက ပြောသည်။
ဓါတ်ပုံ – (ပေးပို့ / Crd)