ဂွနှင့်သံတွဲကို စစ်တပ်က လေယာဉ်အုပ်ဖွဲ့ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်များ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

ရခိုင်ပြည်တောင်ပိုင်းရှိ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်များအတွင်း အရပ်သားပြည်သူများ အိပ်မောကျနေသည့် အချိန်၌ စစ်တပ်က တိုက်လေယာဉ်များ အုပ်စုလိုက်အသုံးပြုကာ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် စခန်းအချို့ ပျက်စီးသွားခဲ့သည်။

ဩဂုတ်လ ၂၁ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်တွင် သံတွဲမြို့နယ်၊ ငပလီကမ်းခြေဘက်သို့ စစ်အုပ်စု၏ ဂျက်ဖိုက်တာများနှင့် Y-12 ထောက်ပံ့ရေးလေယာဉ်များအပါအဝင် လေယာဉ် ၁၀ စီးခန့်ဖြင့် ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နံနက် ၅ နာရီအချိန်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းအနီးသို့ လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့သဖြင့် ဧရာဝတီတိုင်းမှ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃ ဦးနှင့် ဒေသခံ အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန်ကာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိသွားခဲ့သည်။

ဂွမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက သံတွဲငပလီ အထိအခိုက် မသိရသေးဘူး။ အိမ်တွေပျက်စီးတယ် ကြားတယ်။ ဂွကတော့ ဧရာဝတီဘက်က စစ်လာရှောင်နေတဲ့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တစ်ယောက် ထိတယ်။ ဂွနဲ့ သံတွဲကို စစ်တပ်က တမင်ကို ချနေတာ။ ဂျက်ဖိုက်တာ ၈ စီး၊ Y 12 နှစ်စီး နဲ့ကြဲတာ ဗုံးအလုံးရေ က ငပလီကိုချတာ များတယ် ဟု ပြောသည်။

ညောင်ချောင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဧရာဝတီတိုင်း၊ လေးကုန်းကြီးကျေးရွာမှ လာရောက် စစ်ဘေးရှောင်နေသူ ဦးစောဦး၊ မောင်ချမ်းမြေ့အောင်၊ ဒေါ်မသန်းဝင်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ညောင်ချောင်းကျေးရွာမှ အသက် ၇၆ နှစ်အရွယ် ဒေသခံ ဦးတင်ရွှေတွင်လည်း ညာဘက်ခြေဖဝါး ပွင့်ထွက် ဒဏ်ရာများ ရရှိခဲ့ကြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၂ လုံးနှင့် စစ်ဘေးရှောင်စခန်း ၁ ခုတို့ ပျက်စီးသွား ခဲ့ရသည်။

AA နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကလည်း ပြည်သူတွေ အိပ်မောကျနေတဲ့ အစောပိုင်းအချိန်ကြီးမှာ လေယာဉ် အုပ်စုလိုက်လာပြီး ဗုံးကြဲတာဆိုတော့ဗျာ။ အခုလည်း ထိခိုက်မှုရှိတယ်။ အခု (AA) နဲ့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်တိုင်း စစ်အုပ်စုက အရေးနိမ့် နေတော့ အရပ်သားပြည်သူတွေနဲ့ စစ်ရှောင်စခန်းတွေကိုပဲ အခုလို ရည်ရွယ် ချက်ရှိရှိ ရမ်းသမ်းတိုက်ခိုက်နေတာ။ နေတိုင်းလိုလို လေယာဉ်နဲ့ လာကြဲနေတာဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် မိသားစုလိုက်အပါအဝင် အပြစ်မဲ့ အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လက်ရှိတွင် မြေပြင်တိုက်ပွဲများအတွင်း စစ်ရေးအရ အရေးနိမ့်မှုနှင့် ထိခိုက်ကျဆုံးမှုများပြားနေသည့် စစ်အုပ်စု တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှတစ်ဆင့် ဆက်တိုက် ဦးတည် တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ဆိုသည်။

ဓါတ်ပုံ – ပုံဟောင်း (အာရက္ခတပ်တော် AA)