သောင်ရင်းမြစ်ရေတက်ပြီး မြဝတီနှင့် မဲဆောက်တွင် ရေကြီးရေလျှံမှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ စီးဝင်လာခြင်းကြောင့် မြန်မာ-ထိုင်း နယ်ခြား မြဝတီနှင့် မဲဆောက်မြို့တို့တွင် သောင်ရင်းမြစ်ရေ ရုတ်တရက် စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်ကာ ကမ်းနားတစ်လျှောက် မြေနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်း တိုင်းတာချက်များအရ မြဝတီမြို့၏ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေ မှတ် ၉၆၃ စင်တီမီတာအထက် ၁,၁၂၃ စင်တီမီတာထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ မြဝတီမြို့ အမှတ် (၁)၊ (၂)၊ (၄) နှင့် (၅) ရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေစတင်ဝင်ရောက်ခဲ့ပြီး ပြည်သူတစ်ထောင်နီးပါးမှာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း နှင့် ဓမ္မာရုံများသို့ ညချင်းတွင်း အရေးပေါ် ပြောင်းရွှေ့နေကြရသည်။
မြဝတီမြို့နယ်ရှိ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက “မိုးက ဆက်တိုက်ရွာနေတော့ ရေတက်နှုန်းက အတော်လေး မြန်တယ်။ မနေ့ညကဆိုရင် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ မိသားစုတွေကို မအိပ်ဘဲ ညတွင်းချင်း ဘေး လွတ်ရာ ပြောင်းပေးခဲ့ရတယ်။ လောလောဆယ် ရေဘေးသင့်တဲ့သူတွေကို ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ နေရာချပေးထားပါတယ်” ဟု ပြောသည်။
ထို့ပြင် သောင်ရင်းမြစ်ဖျားခံရာ ဒေသများဖြစ်ကြသည့် ဝေါလေ၊ သေ့ဘောဘိုး၊ ကျောက်ခက်နှင့် ရွှေကုက္ကိုလ် ဘက်တွင်လည်း ရေကျော်ဝင်ရောက်မှုများ ဆက်တိုက် ကြုံတွေ့နေရသည်။
အလားတူ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်တွင်လည်း မြစ်ရေသည် စိုးရိမ်ရေမှတ် ထက် စင်တီမီတာ ၈၀ ကျော် မြင့်တက်လာခဲ့ရာ တလာ့တ်လင်မွေး (ကမ်းနား) ဈေးကြီး၊ စာတိုက်လမ်း၊ ရဲစခန်းလမ်းနှင့် ဟုန်လုံကုန်တိုက်အနီးအထိ မြို့တွင်းလမ်းများသို့ ရေများ ကျော်လွန်ဝင်ရောက်နေသည်။
မဲဆောက်မြို့ဘက်ခြမ်းတွင် နေထိုင်သည့် မြန်မာတစ်ဦးက “ကမ်းနားဈေးဘက်ကတော့ မြုပ်နေပြီ။ မြို့ထဲက လမ်းတွေ၊ ရဲစခန်းနားနဲ့ ကုန်တိုက်ဘက်တွေအထိ ရေတွေ စကျော်နေပြီပေါ့။ မနှစ်ကလည်း ဒီလိုမျိုး ဖြစ်ဖူး ပေမဲ့ ဒီနှစ်လည်း ရေတက်လာတာ မြန်တော့ ဆိုင်တွေနဲ့ အိမ်တွေထဲ ရေမဝင်အောင် သဲအိတ်တွေနဲ့ တားနေကြရ တယ်” ဟု ပြောသည်။
မိုးလေဝသဇလဗေဒ ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DDPM) တို့၏ သတိပေး ချက်များအရ သောင်ရင်းမြစ်ရေသည် လာမည့် ၂ ရက်အတွင်း ၂ ပေမှ ၅ ပေခန့်အထိ ထပ်မံ မြင့်တက်လာနိုင် ကြောင်း သိရသည်။
ထို့ကြောင့် မဲဆောက်နှင့် မဲ့လမတ်မြို့နယ်အတွင်းရှိ မယ်ပ၊ မယ်ကု၊ မဟာဝမ်၊ ထာ့ဆိုင်လွှက်၊ မယ်တောင်၊ မဲ့က စာနှင့် မဲ့ကျလောင်း ကျေးရွာများတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် ရေဘေးလွတ်ကင်းရာသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် ထိုင်းအာဏာပိုင်များက အသိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ – (ပေးပို့ / Crd)