ဧရာဝတီတိုင်း ရေကြည်၌ မှားယွင်းဗုံးကြဲမိ၍ စစ်တပ်စစ်ကြောင်းမှ ၁၀ ဦးထက်မနည်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။

ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ် သုံးတန်ကူးကျေးရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲရာ၌ ၎င်းတို့စစ်ကြောင်းပေါ်သို့ မှားယွင်းကျရောက်ကာ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမ တောင်ကျော်လမ်း အတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့များကို အာရက္ခတပ်တော် (AA) က ဖြတ်တိုက်ခဲ့သည်။ 

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ် ဆုတ်ခွာချိန်၌ လေကြောင်းမှ ဗုံးကြဲစဉ် ၎င်းတို့ စစ်ကြောင်းပေါ်သို့ ဗုံးများ မှားယွင်း ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ရေကြည်မြို့ ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက ဩဂုတ်လ ဒုတိယအပတ်က ရေကြည်ရခိုင်ရိုးမ အစပ် ကမ္ဘာကြီး သုံးတန်ကူးကျေးရွာနဲ့ ချက်ပွိုင့်ကြားတွေမှာ တိုက်ပွဲတွေရှိတယ်။ စစ်တပ်ကကျတယ် အေအေက လည်းထိတယ်။ စစ်တပ်က အကျများလို့ စစ်ကားတွေနဲ့ ပုသိမ်အထိ လူနာတွေသယ်တယ်။ အလောင်း မကောက်နိုင်ဘူးဆိုတာ ကြားရတယ်။ ဟု ပြောသည်။

ထိုစစ်ကြောင်းသည် ရေကြည်မြို့နယ်၊ ကမ္ဘာကြီးကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ပါ စစ်ကြောင်း ဖြစ်ပြီး သုံးတန်ကူးကျေးရွာနှင့် ချက်ပွိုင့်အကြား ရောက်ရှိစဉ် လေကြောင်းပစ်ကူပေးသည့် လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းကလေကြောင်းကလည်း ပစ်နေတယ်။ ရခိုင်ရိုးမရယ် ဂွမြို့အထိဗုံးကြဲတယ်။ ဒါပေမယ့် ကိုယ့်စစ် ကြောင်းကို ပြန်ထိတယ်ဆိုတာ အခုရက်ပိုင်းမှ စစ်မှုထမ်းတပ်သား သစ်တွေဆီကတဆင့် သတင်းပေါက်ကြား လာတာပါ။ ဆယ်ယောက်ကျော် သေတဲ့အပြင် ဒဏ်ရာရတာတွေလဲ များတယ်လို့သိထားပါတယ် ဟု ဆက် ပြောသည်။

လေကြောင်းမှ မှားယွင်း ဗုံးကြဲခံရသည့် နေရာသည် ရခိုင်နယ်စပ် တောင်ခြေသစ်တောကြိုးဝိုင်းမှ ၂ မိုင်ခန့်အကွာ AA က ထိန်းချုပ်စိုးမိုးထားသည့် နေရာဖြစ်သည်။ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်း ကမ္ဘာကြီးကျေးရွာ အုပ်စုရှိ သုံးတန်ကူးနှင့် စစ်ဆေးရေး ဂိတ်စခန်းများမှာ ရခိုင်ရိုးမတောင်ခြေနှင့် တိုက်ရိုက် ထိစပ်လျက်ရှိသည်။

အဆိုပါ မှားယွင်း ဗုံးကြဲမှုကြောင့် စစ်အုပ်စုတပ်စိတ်အချို့မှာ ထွက်ပြေးရင်း AA ထံ အဖမ်းဆီးခံရမှုများ ရှိခဲ့သလို ဒဏ်ရာရရှိသူများကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသူများလည်း ရှိခဲ့သည်။

ထိုသို့ မှားယွင်း ဗုံးကြဲမိပြီးနောက် စစ်အုပ်စုတပ်သည် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ ဝါးတောကွင်း၊ ရွာသစ်နှင့် ကမ္ဘားကြီးကျေးရွာများကို ကင်းထောက်လေယာဉ်များ ပျံသန်းပြီးမှ တိုက်လေယာဉ်များဖြင့် ထပ်မံ ဗုံးကြဲတိုက် ခိုက်ခဲ့သည်။

စစ်အုပ်စုတပ်သည် ဝါးတောကွင်း၊ ရွာသစ်နှင့် ကမ္ဘားကြီးကျေးရွာများ၌ ဗုံးထောင်မှုများပါ ပြုလုပ်ထားပြီး ရေကြည်မြို့နယ်ဘက်မှ တစ်ဆင့် စက်ဒေါင့်ကြီးသို့ ဒဏ်ရာရ လူနာများကို ဆက်တိုက် ပြန်လည် သယ်ဆောင် ကာ အင်အားဖြည့်တင်းမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

ဓါတ်ပုံ – (ပုံဟောင်း – Crd)