စစ်တပ်က ဧရာဝတီတိုင်း ရွှေသောင်ယံတွင် ရေပြင်နှင့် မြေပြင် လှုပ်ရှားမှုများပြားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုစိပ်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ရွှေသောင်ယံ ကမ်းခြေနှင့် တစ်ဆက်တည်းရှိသည့် ဘောမိနှင့် မကျည်းစင်ကျေးရွာတို့ကို အာရက္ခတပ်တော် (AA) က စိုးမိုးထိန်းချုပ်ထားသဖြင့် လက်ရှိတွင် စစ်အုပ်စု စစ်ကြောင်းအချို့က ထိုဒေသများသို့ ချဉ်းကပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ရွှေသောင်ယံမြို့ကို ဖြတ်သန်း၍ ရခိုင်-ဧရာဝတီ ကမ်းခြေပတ်လမ်း အတိုင်း စစ်အုပ်စုတပ်၏ စစ်ကားအချို့ သွားလာလှုပ်ရှားခဲ့ပြီး မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ကားအချို့လည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

ပုသိမ်မြို့မှ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ရွှေသောင်ယံက စစ်အင်အားဟာ အခုရက်ပိုင်း နည်းနည်းလှုပ်လာတယ်။ ရေရော ကုန်းရော အင်အားဖြည့်ထားတာ ဟု ပြောသည်။ 

လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေသည့် ပုသိမ်-ရွှေသောင်ယံ လမ်းပိုင်း၊ ကမ်းခြေပတ်လမ်းနှင့် ရေပြင် ချောင်းလက်တက်များ၌ စစ်အုပ်စုတပ်သည် စစ်အင်အား ဖြည့်တင်းပြင်ဆင်လျက်ရှိပြီး ပြည်မြို့နှင့် ရန်ကုန်မြို့တို့မှ စစ်ကားများလည်း ထပ်မံရောက်ရှိနေသည်။

ဒေသတွင်း သတင်းရင်းမြစ် တစ်ဦးက အသွားအလာ အသယ်အပို့နဲ့ စစ်မှုထမ်းတပ်သားတွေကို မြို့အသွား အလာရှိတယ်။ ဧရာဝတီ-ရခိုင်အစပ် တောတောင်တွေကို စစ်ကြောင်းထိုးနေတာပါ။ ရွှေသောင်ယံကမ်းခြေက စစ်သင်္ဘောတွေဟာ ရေလမ်းအတိုင်း ရခိုင် ဂွမြို့နယ်ရှိ ဂွအငူ၊ ကြွေချိုင်ဘက်က ရေလမ်းအတိုင်း ရခိုင်၊ ဂွ ဘက် ကိုသွားဖို့ လုပ်နေတာ ဟု ဆက် ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေ၊ ဘောမိနှင့် မကျည်းစင်ကျေးရွာတို့သည် တစ်ကြော တည်း တည်ရှိသော နယ်မြေများ ဖြစ်သည်။ 

ချောင်းသာကမ်းခြေ၏ မြောက်ဘက်ရှိ အဆိုပါ ဘောမိနှင့် မကျည်းစင်ကျေးရွာတို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်သွားပါက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ဂွအငူ၊ ကြွေချိုင်နှင့် ဂွမြို့တို့သို့ ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးစလုံးဖြင့် တစ်ဆက်တည်း ရောက်ရှိနိုင်သည်။

စစ်အုပ်စုတပ်၏ မြေပြင်စစ်ကြောင်းများသည် ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကုန်းလမ်းနှင့် ရေလမ်းတို့မှ နည်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေရာမှ လက်ရှိတွင် ကမ်းခြေပတ်လမ်းကို အသုံးပြု၍ စစ်အင်အား အလုံး အရင်းဖြင့် စိစစ်လှုပ်ရှားလာခြင်းဖြစ်သည်။