ရခိုင်–မကွေး အစပ် မင်းတုန်းတွင် ထွန်စက်များ ချောဆွဲခံရမှုကြောင့် တောင်သူများ စိုးရိမ်ထိတ်လန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ လမ်းတွင် ရွှံ့ဗွက်နစ်နေသည့် စစ်အုပ်စုတပ် စစ်ကားများကို ဆွဲထုတ်ရန်အတွက် ဒေသခံ ထွန်စက်ပိုင်ရှင်များကို ချောဆင့်ခေါ်ယူ ခိုင်းစေနေသဖြင့် ထွန်စက်ပိုင်ရှင်များနှင့် တောင်သူများ အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်နေကြသည်။
ဩဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မင်းတုန်း-ငကုန်း ဒေသဖွံ့ဖြိုးရေးလမ်းပိုင်း၌ စစ်သား ၁၀၀ ခန့် လိုက်ပါလာသည့် တရုတ်နိုင်ငံထုတ် ဖောကား ၄ စီး ရွှံ့နွံနစ်သွားခဲ့ရာ အဆိုပါ စစ်ကားများကို ဆွဲထုတ် ရန် စစ်အုပ်စုတပ်က ဒေသခံ ထွန်စက်များကို ချောဆင့်ခေါ်ယူနေခြင်း ဖြစ်သည်။
ထိုသို့ ချောဆွဲခိုင်းစေခံရမှုကြောင့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများအတွင်း ညှပ်မိမည်ကို စိုးရိမ်ရသည့်အပြင် စစ်အုပ်စုတပ်၏ လုံခြုံရေး မကင်းသည့် လုပ်ရပ်များကြောင့် မိုင်းအန္တရာယ်နှင့်လည်း ရင်ဆိုင်နေကြရသည်။
အသက် ၆၀ အရွယ် မင်းတုန်းမြို့ခံတစ်ဦးက “အမှတ် (၃) ရပ်ကွက်က ထွန်စက်ပေါ့။ ကားဆွဲရင်း မိုင်းနင်းမိလို့ ထွန်စက်လည်း ပျက်စီးတယ်၊ လူလည်း မျက်လုံးကန်းသွားတယ်။ ဘာမှမတတ်နိုင်ဘူး။ ခေါ်တော့လည်း မသွား ရင် တစ်ပြစ်၊ သွားတော့လည်း ကိုယ်ဖြစ်ကိုယ်ခံပါပဲ” ဟု ပြောသည်။
လက်ရှိတွင် မင်းတုန်းမြို့နယ်မှတစ်ဆင့် အနောက်ရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် စစ်အုပ်စုတပ်သည် အင်အား ၂,၅၀၀ ခန့်၊ မော်တော်ယာဉ် ၁၅၀ ကျော်ခန့်ဖြင့် ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကြောင်းများသည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဘုရားကြီး၊ စေတီပုထိုးများ၊ ဘောလုံးကွင်းနှင့် မီးသတ်ဦးစီးဌာန ဝင်းအတွင်းတို့၌ အထိုင်ချ တပ်စွဲထားကြသည်။
စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများနှင့် အထိုင်ချစခန်းများကြောင့် မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ကြို့ဝ၊ ကံမနိုင်၊ မြောက်ပြင်နှင့် ပြောင်း၊ ထန်းပင်ကုန်း စသည့် ကျေးရွာများ ပျက်စီးခဲ့ရပြီး သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရွာသားများမှာ မိုးရေထဲတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ ရသည်။
စစ်ရေးတင်းမာမှုများကြောင့် မင်းတုန်းနယ်နှင့် မင်းလှမြို့နယ် အစပ်ရှိ စစ်အုပ်စုတပ် အထိုင်စခန်းများ ဝန်းကျင်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး မင်းတုန်း-သရက် နှင့် မင်းတုန်း-မကွေး ခရီးစဉ်မောင်းနှင်သည့် ယာဉ်လိုင်း များ သွားလာ၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။
ပုသိမ်-မုံရွာ လမ်းဘေးကျေးရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် လူငယ်တစ်ဦးက “မင်းတုန်း-ပြည် လမ်းကြောင်းတစ်ခုပဲ ပုသိမ်-မုံရွာ လမ်းပိုင်းက သုံးလို့ရတယ်။ မကွေးသွားချင်ရင်၊ သရက်သွားချင်ရင် ပြည်က ပတ်သွားရတယ်။ မင်းတုန်း-ပြည် လမ်းလည်း ဌာနဆိုင်ရာတွေတော့ မသွားရဲကြဘူး” ဟု ပြောသည်။
ယခုရာသီသည် မင်းတုန်းမြို့နယ်ရှိ တောင်ယာကိုင်းမြေများတွင် ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲခင်းများ ပေါင်းသတ် ရသည့် ရာသီဖြစ်ပြီး ထွန်စက်များ ပုံမှန် လုပ်ကိုင်ရမည့် အချိန်ဖြစ်သော်လည်း ယခုကဲ့သို့ ချောဆွဲခံနေရသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ နှမ်းခင်းများ ရေနောက်ပါသွားသည့်အပြင် မိုးများ၍ ပျက်စီးခဲ့သည့် နှမ်းခင်းများစွာ ရှိခဲ့ကြောင်း နှမ်းတောင်သူများက ဆိုသည်။
ဓါတ်ပုံ – Crd