စစ်တွေအနီး နှစ်နေရာ၌ AA နှင့် စစ်တပ် တိုက်ပွဲဖြစ်၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူပေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့စွန် အမြင့်ကျွန်းကျေးရွာအနီးနှင့် စစ်တွေ-ပုဏ္ဏားကျွန်း အစပ် ကွမ်းတောင်ရွာတို့တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများ ပေးနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့နှင့် ကုန်းလမ်း၊ ရေလမ်း ထိစပ်နေသည့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာဘက်မှ တစ်ဆင့် စစ်တွေမြို့သို့ စစ်ရေးအရ တဖြည်းဖြည်း ချဉ်းကပ်လာနေသဖြင့် စစ်တပ် က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသကဲ့သို့ စစ်တွေမြို့စွန် အမြင့်ကျွန်းကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက စက်တင်ဘာ ၃ ရက်နေ့က ကွမ်းတောင်ကျေးရွာနဲ့ ပုဏ္ဏား ကျွန်း၊ စစ်တွေ နယ်စပ်တွေကို ဗုံးကြဲတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာ ကွမ်းတောင်ကို လက်နက်ကြီးနဲ့ ပစ် တယ် ရွှေမင်းဂံစခန်းနားနဲ့ အမြင့်ကျွန်းနားကို လက်နက်ကြီးတွေ ပစ်နေတယ်။ သတင်းအရ အေအေက တော် တော်နီးလာပြီး မြို့ထဲအထိကို စစ်ရေးဖိအားပေးနေပြီ။ ကွမ်းတောင်ကဆို ချောင်းလက်တက်တွေအတိုင်း တက် လာတာ။ အမြင့်ကျွန်းကတော့ တက်လိုက်ဆင်းလိုက်ပဲ။ အမြင့်ကျွန်းနဲ့က စစ်တွေမြို့ထဲ နာရီဝက်ပဲ၊ ကွမ်းတောင်ကတော့ ၂ နာရီခွဲလောက် သွားရတယ်၊ အရင် စစ်မဖြစ်ခင်ကပေါ့။ အခုကတော့ သွားရေးလာရေး မလွယ်ဘူး ဟု ပြောသည်။

အမြင့်ကျွန်းကျေးရွာသည် စစ်တွေမြို့၏ မြောက်ဘက် မြို့စွန်အစပ်၌ တည်ရှိပြီး မည်သည့် မြစ်ချောင်းမှ ပိုင်း ခြားထားခြင်း မရှိဘဲ စစ်တွေမြို့နှင့် ကုန်းလမ်းအတိုင်း တိုက်ရိုက် ထိစပ်နေသည့် နေရာဖြစ်သည်။

ကွမ်းတောင်ကျေးရွာမှာမူ စစ်တွေ-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် တည်ရှိပြီး ကုလားတန်မြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းတစ်လျှောက် စစ်တွေ၊ အမြင့်ကျွန်းတို့နှင့် ဆက်စပ်လျက်ရှိသည်။

အလားတူ စစ်တွေမြို့ပေါ်ရှိ တပ်ရင်းများနှင့် ကုလားတန်မြစ်ဝတွင် တပ်စွဲထားသည့် စစ်သင်္ဘောများသည်လည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်ဘက်သို့ စက်တင်ဘာလ ၄ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း ဆိုသည်။

အခြား ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မနေ့က ကွမ်းတောင်ကျေးရွာဘက်က တောတန်းတွေ၊ ချောင်းလက်တက်တွေဘက်ကို ပစ်နေတာ။ အေအေက ကုန်းလမ်းရော ရေလမ်းရော တက်လာနေတယ်လို့ သိရတယ်။ စစ်တွေမြို့ အနီးတစ်ဝိုက်က မင်းဂံဆိပ်နဲ့ အမြင့်ကျွန်းအထိ အေအေ စိုးမိုးဖို့ လုပ်လာတယ်။ စစ်တပ် ထွက်ပေါက်ပိတ်နေတယ် ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် စစ်တွေမြို့၌ တပ်ရင်းများ အင်အားဖြည့်တင်းကာ မြို့အစပ်နေရာများတွင် ခံစစ်တပ်ဖြန့်ထားသော်လည်း ကွမ်းတောင်ကျေးရွာနှင့် ပုဏ္ဏားကျွန်း ဝန်းကျင်သည် မြို့နှင့် တိုက်ရိုက် ထိစပ်နေသည့် အချက်အချာကျသော ဒေသဖြစ်သဖြင့် အာရက္ခတပ်တော် (AA) အနေဖြင့် မြို့အတွင်းသို့ စိမ့်ဝင်လာနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။