ကရင်နီပြည် ဒီးမော့ဆို၌ တိုက်ပွဲမရှိဘဲ စစ်တပ်က ဒရုန်းနှင့် လေကြောင်းမှ ဗုံးကြဲ၍ စစ်ရှောင်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဒရုန်းနှင့် လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တောင်ယာသို့ သွားရောက်သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူများက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ နန်းမယ်ခုံမြို့အနီးရှိ သာယပ်ကျေးရွာကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် စစ်တပ်က ဒရုန်းဗုံးသီး ၂ လုံးနှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောင်ယာလုပ်ကိုင်နေသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၏ ဦးခေါင်းတိုက်ရိုက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ် သည်။

နီးစပ်သူ စစ်ဘေးရှောင်တစ်ဦးကကားလမ်းမကြီး တည့်တည့်ကျတာ။ ဘယ်လိုထိလဲတော့ မသိဘူး။ အဲဒီချိန် သူက တောင်ယာ သွားလိုက်ပြီ။ ထိပြီဆိုတော့မှ သိတာ။ သွားကြည့်တော့ အသက်မမီတော့ဘူး ဟု ပြောသည်။

အလားတူ စက်တင်ဘာ ၁၅ ရက်နေ့ (ယနေ့) နံနက် ၉ နာရီခွဲခန့်တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက် ခြမ်း ပဆေးလာကျေးရွာဘက်ကို နမ့်စန်နှင့် နေပြည်တော် လေတပ်စခန်းတို့မှ ပျံတက်လာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ထပ်မံပစ်ခတ်ခဲ့သည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှ ဒေသခံတစ်ဦးက “နေ့တိုင်းနီးပါး ပစ်တယ်။ ဒီးမော့ဆို အနောက်ခြမ်းရော၊ မိုးဗြဲ လွယ်ရင်းမင်္ဂလာဘက်ရော ပစ်တယ်။ တိုက်လေယာဉ်ထက်စာရင် ဒရုန်းက ရုတ်တရက် လာ လာပြီးချ တော့ အရမ်းသတိထားရတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်သည် မိုးဗြဲ – နန်းမယ်ခုံ – ဒီးမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေး အပြင်းအထန် စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် မြေပြင်စစ်ဆင်ရေးများတွင် အရေးနိမ့် နေသဖြင့် စစ်ဘေးရှောင်များ စုဝေးနေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဒီးမော့ဆို အနောက်ခြမ်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင် ကျောင်း အပါအဝင် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ သည်။

စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် မော်ချီးဒေသတို့တွင် ကလေးငယ်များ အပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားသည်။

ထို့ကြောင့် စစ်ဘေးရှောင် ကလေးငယ်များ၏ စာသင်ကျောင်းများကို ခေတ္တပိတ်ထားရန်နှင့် ဒေသခံပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများအတွင်း ဂရုစိုက်နေထိုင်ကြရန် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူများက တိုက်တွန်း ထားသည်။