အကျဉ်းထောင် ၁၃ ခု၌ နိုင်ကျဉ်းများ မတရား ငွေကြေးခေါင်းပုံဖြတ်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် ၁၃ ခုတွင် နိုင်ငံရေးအကျဉ်းသားများထံ မိသားစုဝင်များက ပေးပို့သည့် တရားဝင် ဈေးဘား သွင်းငွေများနှင့် ထောင်ဝင်စာပါဆယ်များအပေါ် ထောင်အာဏာပိုင်နှင့် ဝန်ထမ်းများက နည်းလမ်းမျိုးစုံ ဖြင့် ငွေကြေးခေါင်းပုံဖြတ် ကောက်ခံနေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ဖြစ်စဉ်များမှာ ၂၀၂၆ ခုနှစ်၊ မေလမှ ဩဂုတ်လကုန်အထိ ၄ လအတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းပုံဖြတ်မှု များကို PPNM က မှတ်တမ်းတင် ဖော်ပြထားခြင်း ဖြစ်သည်။
ထောင်အာဏာပိုင်များသည် တရားဝင်ဈေးဘားသို့ ပေးသွင်းသည့် ငွေပမာဏအပေါ် မူတည်၍ ၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်ယူနေကြပြီး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်နှင့် မိတ္ထီလာအကျဉ်းထောင်တို့တွင် အဆိုးရွားဆုံး ကြုံတွေ့နေရကြောင်း PPNM က ဆိုသည်။
PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက “ထုတ်ပြန်ချက်ထဲမှာ အကျဉ်းထောင် (၁၃) ခုမှာရှိတဲ့ ထောင် တွေရဲ့ပေါ့နော်။ အဓိက တာဝန်ယူရမယ့် ထောင်ပိုင်တွေရဲ့ အမည်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ အကျဉ်း ထောင် (၁၃) ခုမှာ တရားဝင် ဈေးဘားကနေမှ အသွင်းယူတဲ့အခါမှာ အကျဉ်းထောင် ဝန်ထမ်းတွေ၊ အာဏာပိုင် တွေက ငွေပမာဏပေါ်မှာ မူတည်ပြီးတော့ (၂) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းအထိ ဖြတ်တောက်ယူနေကြတာ ဖြစ်ပါတယ်။ ဒါဟာ ဒီ အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ မတရား ငွေကြေး ခေါင်းပုံဖြတ်မှုလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ထို့ပြင် အိုးဘိုနှင့် မိတ္ထီလာ အကျဉ်းထောင်အပါအဝင် တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနှင့် ပေါင်းတည် အကျဉ်းထောင်များတွင်လည်း ထောင်ဝင်စာပါဆယ် ပေးပို့ရာ၌ သတ်မှတ်ပါဆယ်အိတ်များကို ၁,၅၀၀ ကျပ်မှ ၂,၀၀၀ ကျပ်အထိ မဖြစ်မနေ ဝယ်ယူခိုင်းနေပြီး မိသားစုဝင် မဟုတ်သူများ ပေးပို့ပါကလည်း အပိုထပ်ဆောင်းငွေများ ကောက်ခံနေကြောင်း ဆိုသည်။
မရောင်နီလင်းက “ဆေးဝါး ပေးပို့မှုတွေမှာဆိုရင် ကန့်သတ်ခံရတာတွေ ရှိတယ်။ မပို့ရဘူး ဆိုပြီးတော့ ပိတ်ပင် ခံထားရတာတွေလည်း ရှိတယ်။ အထဲထဲကို ပို့လို့ရပြီ ဆိုရင်လည်း ဥပမာ ဆေး ၁၀ ကတ်ဆိုရင် ၇ ကတ်လောက် ပဲ ရောက်တာမျိုး၊ ၅ ကတ်ဆိုရင် ၃ ကတ်၊ ၄ ကတ် အဲ့လောက်ပဲ ရောက်တာမျိုးပေါ့နော်၊ ဖြတ်တောက်ခံရတာ တွေလည်း ရှိပါတယ်” ဟု ပြောသည်။
ဆေးဝါးပေးပို့မှုတွင်လည်း အိုးဘိုအကျဉ်းထောင်၌ ကြန့်ကြာမှု အဆိုးရွားဆုံး ဖြစ်နေပြီး ဒိုက်ဦး၊ မိတ္ထီလာနှင့် မြစ်ကြီးနား အကျဉ်းထောင်များတွင် ဆေးသွင်းခွင့် ပိတ်ပင်ခံရခြင်း၊ ဆေးအပြည့်အစုံ မရောက်ရှိခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရသည်။
“ဒါကြောင့်မို့လို့ PPNM က ဒီ အကျဉ်းထောင် ၁၃ ခုမှာရှိတဲ့ တာဝန်ရှိသူတွေကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအပေါ်မှာ အဲဒီ မတရား ခေါင်းပုံဖြတ်နေတာတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ PPNM အနေနဲ့ ပြင်းထန်စွာ ထောက်ပြကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။ အဲ ထပ်ပြီးတော့ပေါ့လေ၊ ကျန်ရှိနေသေးတဲ့ အခြား အကျဉ်းထောင်တွေကိုလည်း ဆက်လက်စောင့်ကြည့်ပြီးတော့မှ မှတ်တမ်းယူနေမှာပဲ ဖြစ်ပါတယ်” ဟု မရောင်နီလင်းက ဆက်ပြောသည်။
ထုတ်ပြန်ချက်တွင် ပါဝင်သည့် အကျဉ်းထောင် ၁၃ ခုမှာ အိုးဘို၊ မိတ္ထီလာ၊ တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ မြင်းခြံ၊ ပြည်၊ ဟင်္သာတ၊ မြစ်ကြီးနား၊ မြိတ်၊ မကွေး၊ ရွှေဘိုနှင့် ပေါင်းတည်တို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း တောင်ငူအကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လာ သည့် နိုင်ငံရေးအကျဉ်းသားများကို အဓမ္မငွေကြေး ကောက်ခံခဲ့ပြီး မပေးဆောင်နိုင်သူများကို မိလ္လာရေ သယ်ခိုင်း ခြင်း၊ အိမ်သာဆေးခိုင်းခြင်းနှင့် တောင်ယာခိုင်းစေခြင်း စသည့် နည်းလမ်းများဖြင့် ဖိအားပေး ခိုင်းစေခဲ့သည်ဟု ဆိုသည်။