ဆန်တက်လာသည့် စစ်သင်္ဘော (၁) စီး ထပ်မံ နစ်မြုပ်၊ လေယာဉ်တစ်စီး ပျက်ကျနိုင်ဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော (၁) စီး ထပ်မံ နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိသည့် သင်္ဘောများလည်း ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ရွှေကူမြို့ဘက်မှ ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စု စစ်သင်္ဘော (၃) စီးကို KIA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များက ရွှေကူနှင့် ဗန်းမော် အကြား ရေနီကျေးရွာနှင့် နမ့်ခုပ်ရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်သင်္ဘော (၁) စီးမှာ ထိမှန်ကာ ဧရာဝတီမြစ်အတွင်း ထပ်မံ နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိ သည့် စစ်သင်္ဘော (၂) စီးမှာ ရွှေကူဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်း ဖြစ်သည်ဟု မြေပြင် သတင်း ရင်းမြစ်က ပြောသည်။
ထို့ပြင် ဗန်းမော်ဘက်မှ စုန်ဆင်းလာသည့် စစ်သင်္ဘောများကိုလည်း စင်းခန်းတံတားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက်စောင့်ကြို တိုက်ခိုက်နေသဖြင့် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန်နေ သည်။
မြေပြင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “မနက်က ရွှေကူဘက်က တက်လာတဲ့ သင်္ဘော ၃ စီးကို နမ့်ခုပ်ဘက်မှာ ပစ်လိုက်တာပါ။ စစ်သင်္ဘော တစ်စီးက တော့ ထပ်ပြီး ချက်ချင်းကို မြုပ်သွားတယ်။ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မြစ်ထဲမျောနေတာ မြင်ရတယ်။ ကျန်တဲ့ နှစ်စီးကတော့ ရှေ့မတိုးရဲတော့ဘဲ ရွှေကူ ဘက်ကို ပြန်လှည့်သွားရတာ” ဟု ပြောသည်။
ရေကြောင်းတိုက်ပွဲများအတွင်း စစ်အုပ်စုဘက်က အထိနာနေသဖြင့် သင်္ဘောလမ်းကြောင်း လုံခြုံရေးနှင့် ပစ်ကူ ပေးနိုင်ရန် တရုတ်နိုင်ငံထုတ် Y-12 အမျိုးအစား လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချစဉ် KIA ပူးပေါင်းတပ်ဖွဲ့ များက စက်သေနတ်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ လေယာဉ်မှာ မီးခိုးအူကာ တောင်ပေါ်ဘက်သို့ ပျက်ကျ သွားခဲ့ကြောင်းဆိုသည်။
“Y-12 လေယာဉ်က ဗုံးလာကြဲတာကို ရဲဘော်တွေက စက်သေနတ်ကြီးနဲ့ ပြန်ဆော်လိုက်တာ ထိသွားတယ်။ လေယာဉ် စောင်းသွားပြီး မီးခိုးတွေ ထွက်လာတာ တွေ့တယ်။ တောင်ပေါ်ဘက်ကို ကျသွားတယ်လို့ ပြောလို့ရတယ်။ လက်ရှိမှာတော့ သွားရောက်စစ်ဆေးနေတုန်းပဲ။ အခြေအနေအတိအကျတော့ မသိရသေးဘူး” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်ရေယာဉ်များကို KIA နှင့် ပြည်သူ့ကာကွယ်ရေး တပ် (PDF) ပူးပေါင်းတပ်များက ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
မန္တလေး-ဗန်းမော် မြစ်ကြောင်းခရီးစဉ်အတွင်း စစ်အုပ်စု၏ စစ်သင်္ဘော၊ တိုက်ခိုက်ရေး ရေယာဉ်နှင့် စက်လှေ စုစုပေါင်း (၁၇) စီးထက်မနည်း ဖျက်ဆီးထားနိုင်ခဲ့ပြီဟုလည်း KIO/KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က အတည်ပြု ပြောဆိုထားသည်။