မောင်တော ဟိန္ဒူဘုရားကျောင်းအနီး စစ်တပ် ထောင်ထားသည့် မိုင်းများကို AA ရှင်းလင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဟိန္ဒူဘုရားကျောင်းဝန်းအတွင်း စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း များကို အာရက္ခတပ်တော် (AA) က ရှာဖွေရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန္ဒူကမ်းခြေအနီးရှိ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်သည့် “မဟာရာမယ ဏ ဟရိနာမ ရာမ” ဟိန္ဒူဘုရားကျောင်း ကွင်းပြင်နှင့် အနီးဝန်းကျင်တွင် စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် M-14 မြေမြှုပ်မိုင်း ၄ လုံးကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် AA မိုင်းရှင်းလင်းရေး တပ်ဖွဲ့က ရှာဖွေတွေ့ရှိ၍ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ဘုရားကျောင်း အဝင်အထွက် လမ်းကြောင်းများ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက် လက် ဆောင်ရွက်လျက် ရှိသည်။
ဒေသခံ ရခိုင်ပြည်မြောက်ပိုင်း အာရက္ခတပ်တော်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “မောင်တောမှာ စစ်တပ် ထောင်ထားခဲ့တဲ့ မိုင်းတွေကို လူမျိုးဘာသာမရွေး နေထိုင်တဲ့ နေရာတွေမှာ ရှင်းလင်းနေတာ။ အခုနှစ်ပိုင်းတွေမှာ ပိုပြီး လုပ်လာတယ်။ မွတ်ဆလင်ရွာတွေ ဟိန္ဒူရွာတွေကလည်း တောင်းဆိုတာတွေ ရှိတယ်။ မောင်တောက စစ်တပ် တပ်စွဲခဲ့တဲ့ နေရာတွေကို အဓိက ရှင်းတယ်။ လမ်းမကြီးတွေ၊ ကျေးရွာတွေကိုလည်း မိုင်းရှင်းလင်း ပေးနေတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်အတွင်း စစ်အုပ်စုတပ် စခန်းချ တပ်စွဲခဲ့သည့် နေရာများ၌ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲ သေးသည့် စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေဆဲဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လ တာကာလအတွင်း AA မိုင်းရှင်းလင်းရေးတပ်ဖွဲ့က မိုင်းစုစုပေါင်း ၁၁၉ လုံးအထိ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။
တပ်စခန်းဟောင်းများ၊ ဘာသာရေးကျောင်းများ၊ လမ်းပိုင်းများ၊ တောင်တန်း၊ စိုက်ပျိုးရေး ဧရိယာများနှင့် လူသွားနည်းသည့် လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေသော်လည်း မိုင်းအန္တရာယ် ကျန်ရှိ နေသေးသဖြင့် သွားလာရေး အထူးသတိပြုကြရန် ဒေသခံများကို အသိပေးထားသည်။
ထို့ပြင် AA ထိန်းချုပ်ရာ ဒေသများ၌ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အန္တရာယ်ရှိနိုင်သည့် နေရာများ၌ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကိုလည်း ပြုလုပ်လျက် ရှိသည်။