စစ်ကိုင်း၊ ရှမ်းနှင့် ကချင်တွင် စစ်အုပ်စုက လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နှင့် ရှမ်းပြည် မဘိမ်းမြို့တို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို KIO ထိန်းချုပ်နယ်မြေများ၌လည်း လေကြောင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထား သည်။

စက်တင်ဘာလ ၂၃ ရက် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းတော်မြို့နယ်ထဲက နေရာ အချို့နှင့် ကျေးရွာများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း မဘိမ်းမြို့နယ်အတွင်းသို့လည်း စက်တင်ဘာလ ၂၂ ရက်နေ့က ဗုံးအလုံးရေ ၄၀ ခန့် ကြဲချခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မနေ့ကလည်း အလုံး ၄၀ ကျော်လောက် လာကြဲသွားတာ။ ဒီနေ့မနက်မှာလည်း လေယာဉ်သံတွေကြားရပြီး ထပ်ကြဲသွားတယ်။ အိမ်ထဲက ဗုံးခိုကျင်းထဲမှာပဲ ပုန်းနေရတော့ အပြင်မှာ ထိခိုက်ပျက်စီးမှု အခြေအနေ ဘယ် လောက်ရှိလဲဆိုတာ သေချာ မသိရသေးဘူး ဟု လက်ရှိအခြေအနေကို ပြောသည်။

စစ်အုပ်စုတပ်သည် စစ်ရေးအရ အထိနာရှုံးနိမ့်ချိန်တိုင်း အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဦးတည် တိုက် ခိုက်လေ့ရှိသဖြင့် ဖားကန့်၊ မိုင်ဂျာယန်၊ လိုင်ဇာနှင့် လွယ်ဂျယ် စသည့် KIO ထိန်းချုပ်နယ်မြေများတွင် ပြည်သူ များ ဗုံးခိုကျင်းများ ပြုလုပ်ထားကြရန်နှင့် ညအချိန် မီးမထွန်းကြရန် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များက ညွှန်ကြားထားသည်။

ဖားကန့်ဒေသရှိ KIO အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆိုင်းတောင်နဲ့ ယူမာဘက်တကြောမှာ ပြည်သူတွေကို ညအချိန် မီးမထွန်းကြဖို့နဲ့ ဗုံးခိုကျင်းတွေထဲမှာပဲ အိပ်ကြဖို့ သတိပေးထားတယ်။ အထူးသဖြင့် မိုးကုန် ပွင့်လင်း ရာသီကူးတော့မှာဆိုတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် ပိုဆိုးလာမှာ ကို ပြည်သူတွေရော အားလုံးက စိုးရိမ်နေကြတာပါ။ မနေ့ညကလည်း သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားလိုက်ရသေးတယ် ဟု ပြောသည်။

ဗန်းမော်နှင့် နန့်ဖားကျေးရွာဘက်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးလာသဖြင့် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် KIO/KIA တပ်များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိုင်ဂျာယန်မြို့ပေါ်သို့လည်း စစ်တပ်၏ လေယာဉ်များ ဝဲပျံခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မိုင်ဂျာယန်မြို့ရှိ ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီဟု လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် PDF ပူးပေါင်းတပ်များ၏ ပြန်လည်ထိုးစစ်ကြောင့် စစ်အုပ်စုတပ်များ ဆုတ်ခွာခဲ့ရသည်။

ထို့ပြင် ဧရာဝတီ မြစ်ကြောင်းအတိုင်း တက်လာသည့် စစ်အုပ်စု စစ်သင်္ဘောများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည့် မိုးမောက်၊ ရွှေကူနှင့် ဗန်းမော်ဒေသတို့တွင်လည်း စစ်အုပ်စုတပ်က ရွာများကို ပစ်မှတ်ထား၍ လေကြောင်းမှ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က ပြောသည်။