ကျောက်တော်ကို စစ်အုပ်စုမှ ဗုံးကြဲသဖြင့် ကလေးငယ်များအပါအဝင် ၇ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်အုပ်စုက Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်အစောပိုင်း ၂ နာရီကျော်အချိန်တွင် စစ်အုပ်စုက Y-12 လေယာဉ်ဖြင့် ကျောက် တော်မြို့ အတွင်းရှိ ပြည်တော်သာ ရပ်ကွက် (၇ လမ်း)၊ ပိုက်သည်ကျေးရွာနှင့် နိဒင်ကျေးရွာတို့သို့ ဒရော့ဗုံး (Drop Bomb) အလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ပရဟိတ လုပ်အားပေး အမျိုးသားတစ်ဦးက “အသက်တစ်နှစ်အရွယ် မူဆလင်ကလေးငယ် တစ်ယောက် လည်း ဒဏ်ရာရတယ်။ ညလူအိပ်ချိန်ဆိုတော့ ရှောင်ချိန် မရလိုက်ပါဘူး။ ဒဏ်ရာရသူတွေကို ကုသပေးနေပါ တယ်။ ကျောက်တော် အပါအဝင် တစ်ပြည်လုံးကို စစ်တပ်က ရက်ရက်စက်စက် လုပ်နေတာပါ၊ သတိထားကြ ရမှာပါ။ ကျောက်တော်ဘက်မှာတော့ AA က လေကြောင်း အသိပေးတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်တော်သာရပ်ကွက်မှ အသက် ၅၅ နှစ်အရွယ် ဦးစိန်သန်းနှင့် အသက် ၅၄ နှစ်အရွယ် ဒေါ်ရွှေရီ၊ ပိုက်သည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအဘူကလစ်၊ နိဒင်ကျေးရွာမှ အသက် ၁ နှစ်အရွယ် ဘီဘီဆာနေးယား၊ အသက် ၈ နှစ်အရွယ် ဘီဘီဆာခါရာ၊ အသက် ၁၈ နှစ်အရွယ် ဆော် လိမ်း၊ အသက် ၃၇ နှစ်အရွယ် ရိုဟီမာကာတူနှင့် အသက် ၄၃ နှစ်အရွယ် ဂျာဘဲရိတို့ စုစုပေါင်း ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသည်။

ဒဏ်ရာရရှိသူများအနက် အသက် ၅၄ နှစ်အရွယ် ဒေါ်ရွှေရီမှာ ဘယ်ဘက်ဝမ်းဗိုက် ဗုံးစထိမှန်ကာ ပြင်းထန် ဒဏ်ရာ ရရှိထားပြီး အသက် ၁ နှစ်အရွယ် ကလေးငယ် ဘီဘီဆာနေးယားမှာ နဖူးတွင်လည်းကောင်း၊ ၈ နှစ် အရွယ် ဘီဘီဆာခါရာမှာ ညာဘက်ခြေထောက်တွင်လည်းကောင်း အသီးသီး ဒဏ်ရာရရှိခဲ့ကြကာ နေအိမ် အချို့လည်း ထိမှန်ပျက်စီးခဲ့သည်။

အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီကျော်ကလည်း စစ်တပ်က ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုသည် စက်တင်ဘာလ ၄ ရက်နေ့မှစတင်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေပြီး အရပ်သားများနေထိုင်ရာ ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။