ကချင်တွင် စစ်အုပ်စု ဗုံးကြဲ၊ လိုင်ဇာတွင် လေယာဉ်များ ပျံဝဲ၍ တရုတ် သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ကချင်-တရုတ်နယ်စပ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် ဖားကန့်နှင့် ဆယ်ဇင်း ဒေသများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ကင်းထောက်ခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) နေရာများ နှင့် ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းနှင့် ဆယ်ဇင်းကျေးရွာအနီးရှိ KIA တပ်ရင်း (၃၁) နေရာတို့ကို စစ်အုပ်စုတပ် က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့ဖြင့် ဗုံးအလုံး ၃၀ နီးပါး ကြဲချခဲ့သည်။
ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက “မွန်းလွဲပိုင်းမှာ ဖိုက်တာ ၂ စီးနဲ့ Y-12 လေယာဉ်တွေ လာပြီး ဗုံးအလုံး ၃၀ ကျော်မက ကြဲသွားတာ။ တပ်မကုန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တာတွေ ရှိတယ်။ ၂၃ ရက်နေ့ ည ကတည်းကနေ အသံတွေ ပြန်ကြားနေရပြီ။ ဒီမှာက အချင်းချင်းလည်း သတိထားကြဖို့ သတိပေးထားပြီးသား ဗျ။ ဗန်းမော်ဘက်မှာ စစ်သင်္ဘောတွေ တိုက်ခိုက်ခံထားရတော့ ဒီဘက်ပိုင်းတွေ လေကြောင်းရန် သတိထားဖို့ ဆိုတာမျိုးတွေ ပြောထားပါတယ်” ဟု ပြောသည်။
ထို့ပြင် စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်ကလည်း KIO ဌာနချုပ် လိုင်ဇာမြို့ အနောက်ဘက်ခြမ်း နှင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်သို့ စစ်အုပ်စု၏ Y-12 နှင့် ဂျက်ဖိုက်တာ လေယာဉ်များ မိနစ် ၂၀ နီးပါး ပျံဝဲကင်းထောက်ခဲ့သဖြင့် တရုတ်နိုင်ငံဘက်မှ လေကြောင်းအချက်ပြ မီးကျည်များ ပစ်လွှတ်ကာ သတိပေး ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်။
လိုင်ဇာမြို့ခံ အမျိုးသားတစ်ဦးက “လိုင်ဇာမှာ လေယာဉ်တွေ လာပျံဝဲတာ နှစ်ရက်ဆက်တိုက် ရှိပြီ။ တရုတ်ဘက် ကလည်း လေကြောင်း သတိပေး မီးကျည်တွေ ပစ်လွှတ်တာမျိုး လုပ်တယ်။ မြို့ထဲမှာတော့ ကြိုတင်ကာကွယ် တဲ့ အနေနဲ့ ကျောင်းတွေ ယာယီပိတ်ထားရတယ်။ ဒီလိုင်ဇာရော၊ နောက်ပြီး မိုင်ဂျာယန်မှာရော ကျောင်းတွေ တော့ ပိတ်ထားပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလ ဒုတိယပတ်အထိ မန္တလေးမှ ဗန်းမော်ဘက်သို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်ရေယာဉ် ၂၀ ဝန်းကျင်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အထိနာခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ် လာခြင်း ဖြစ်သည်။
KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်အုပ်စုသည် ဗန်းမော်အပါအဝင် နယ်မြေ အသီးသီးတွင် စစ်ရေးအရ ဖိအားများလာသဖြင့် လေကြောင်းနှင့် ဒရုန်းများကို အသုံးပြု၍ အရပ်သား ပစ်မှတ် များကို ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် KIO/KIA ဗဟိုက လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တည် စသည့် မြို့များနှင့် ကျေးရွာများ ရှိ ပြည်သူများအား လေကြောင်းရန်အတွက် ကတုတ်ကျင်းများ တူးထားကြရန်၊ လူစုလူဝေး မလုပ်ကြရန်နှင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် အသိပေး ထုတ်ပြန်ထားပြီး စာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားကြောင်း ဒေသခံပြည်သူများက ပြောသည်။