ထားဝယ်တွင် တောင်ပြို၍ ၁၇ ဦး သေဆုံးပြီး အရေးပေါ် ကူညီရေး လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြိုမြေပိမှုများ ဆိုးရွားစွာ ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိလာပြီး ပျောက်ဆုံးနေသူ ရာနှင့်ချီ ရှိနေကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) နှင့် ထားဝယ်အမျိုးသား အဖွဲ့ချုပ်တို့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင် မိုးရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် လောင်းလုံး မြို့နယ် ကမ်းခြေတစ်လျှောက် တောင်ပိုင်းကျေးရွာပေါင်း ၅၀ ခန့်တွင် တောင်ပြိုကျမှုကြောင့် လူနေအိမ် ရာနှင့်ချီ မြေပိပျက်စီးခဲ့သည်ဟု ကြေညာချက်များတွင် ဖော်ပြသည်။

လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ DDMSC သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘွန်းက ယခုကဲ့သို့ ပြောသည်။

“အဓိကတော့ ရေဘေးဆိုတာထက် ကျနော်တို့မှာ ဖြစ်တဲ့ပြဿနာကျတော့ တောင်ပြိုတဲ့ဘေးကို ခံရတာပေါ့ နော်။ တောင်ပြိုတဲ့ဒဏ် အဓိကခံရတာ။ ရေကကျတော့ မိုးလည်းစဲသွားပြီ၊ ဒီရေလည်း အကျဘက်ကို ရောက် နေတာဖြစ်တဲ့အတွက် ရေပြန်ကျနေပြီ။ ဒါပေမဲ့ အခုလက်ရှိ ဖြစ်နေတာ ဒီတောင်ပြိုလို့ မြေပိနေတဲ့ ပြဿနာ က ကျနော်တို့မှာ ကြီးကြီးမားမား ရှိသေးတယ်။ အဲ့ဒါက ဘယ်မှာလဲဆိုတော့ လောင်းလုံးမြို့နယ်ထဲမှာပေါ့နော် တောင်ပိုင်းတစ်ခြမ်းလုံး ပြောလို့ရတယ်။ ကားလမ်းတစ်လျှောက် ကျေးရွာပေါင်း ၅၀ လောက် ရှိမယ်။ အဲ့မှာ တောင်ပြိုပြီးတော့ မြေပိနေလို့ပဲ။ ထပ်ပြိုလာမှာလည်း ကျနော်တို့က စိုးရိမ်နေရသေးတယ်။”

လက်ရှိတွင် ရုပ်အလောင်းများကို ဆက်လက် တူးဖော်ရရှိနေပြီး ပိတ်မိနေသူများလည်း ရှိနေသေးသဖြင့် သေဆုံး သူ အရေအတွက် ထပ်မံ မြင့်တက်လာနိုင်ကြောင်းဆိုသည်။ နေအိမ် ပျက်စီးမှုများပြားသည့် အခြေအနေကို လည်း ကိုဘွန်းက ယခုကဲ့သို့ ဆက်လက်ရှင်းပြသည်။

“၁၇ ယောက်ဆိုတာ ကျနော်တို့ အခု နောက်ဆုံးရရှိထားတဲ့ အချက်အလက်ပေါ့နော်။ ပျောက်ဆုံးနေတာက လည်း ဒါ ရာနဲ့ချီ ရှိတာဆိုတော့ သေဆုံးသူကတော့ ထပ်တိုးလာနိုင်တဲ့ အနေအထား ရှိပါတယ်။ နေအိမ်ပျက်စီး မှုရဲ့ အရေအတွက်ကကျတော့ ဒါ ရာနဲ့ချီ ရှိတယ်။ တချို့ရွာတွေမှာ ဆိုလို့ရှိရင် နေအိမ် အလုံး ၅၀ လောက် မြေ ထဲ ပိသွားတာမျိုး ရှိတယ်၊ တချို့ရွာတွေမှာ ဆိုရင် ၃၀၊ ၄၀ အများကြီးပဲပေါ့နော်။ အဲ့တော့ ၁၀၀ အထက်မှာပဲ ရှိတယ် နေအိမ်ပျက်စီးတာကလေ။”

လက်ရှိ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဘေးဒဏ်သင့် ဒေသခံများနှင့် မြို့ပေါ် ကယ်ဆယ်ရေးအဖွဲ့ အနည်း ငယ်ကသာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရသဖြင့် ဝန်နှင့်အား မမျှတသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

ကိုဘွန်းက “ကယ်ဆယ်ရေးတွေကိုကျတော့ ဒါကျနော်တို့ ဒေသခံတွေကပဲ ဒါကိုယ်ထူကိုယ်ထ လုပ်နေရတဲ့ အနေအထားပေါ့နော်။ ဒေသခံဆိုတဲ့ နေရာမှာ အဲ့ဒီ ဒေသခံကိုယ်တိုင်က သဘာဝဘေးဒဏ်သင့်ထားတဲ့ ဒေသခံ တွေကပဲ။ ဒါကယ်ဆယ်ရေး လုပ်နေရတဲ့ အနေအထား။ ထားဝယ်မြို့ပေါ်က ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာကူပေမဲ့ ဖြစ်နေတဲ့ အခက်အခဲနဲ့ အဲ့ဒီ ရှိတဲ့အဖွဲ့တွေကကျတော့ ဝန်နဲ့အားနဲ့ လုံးဝမမျှဘူး။ အဲ့တော့ ကယ် ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီတွေကို ကျနော်တို့ အများကြီး လိုအပ်နေတဲ့ အနေအထားပါ” ဟု ပြော သည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအနေဖြင့် ထားဝယ်ဒေသသို့ လာရောက်ကာ အရေးပေါ် ကူညီပေးကြရန် DDMSC က အကူ အညီတောင်းခံထားသည်။ ထို့ပြင် စစ်အုပ်စုတပ်အနေဖြင့်လည်း လာရောက်ကူညီသည့် ကယ်ဆယ်ရေးအဖွဲ့များ ကို ဟန့်တားပိတ်ပင်ခြင်း မပြုဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုရန် တောင်းဆိုထားသည်။

လက်ရှိတွင် ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပိုင်းရှိ ကညင်ချောင်းတံတား ပျက်စီးသွားသဖြင့် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်နေသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသဖြင့် ဒေသခံ သောင်းနှင့်ချီမှာ သောက်သုံးရေနှင့် အရေးပေါ် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း မုတ္တမကွေ့အနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် လာမည့် ၄၈ နာရီအတွင်း သုံးခွနှင့် ကျိုက်ထိုမြို့တို့ကြားမှတစ်ဆင့် ပဲခူးနှင့် မကွေး တိုင်းတို့ဘက်သို့ ဖြတ်ကျော်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသ ပြည်သူများ ရုတ်တရက် ရေကြီး မြေပြိုမှု ဘေးအန္တရာယ်ကို အထူးသတိပြုကြရန် နှိုးဆော်ထားသည်။