ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရ၍ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ရခိုင်ပြည်အတွင်း နယ်မြေအများစုကို လက်လွှတ်ထားရသည့် စစ်အုပ်စုတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနှင့် စစ်ဘေးရှောင်စခန်းများကို ရက်ဆက် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက် နေသဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှု အရေအတွက် ပိုမိုမြင့်တက်လာနေသည်။

အောက်တိုဘာ ၄ ရက်နေ့၊ ညနေ ၅ နာရီကျော် အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာနှင့် ယိုးငူကျေး ရွာကြားရှိ ယိုးငူ-ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ရှေ့ဆင့်နောက် ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြေပြင်ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ လေယာဉ်နဲ့ နှစ်ခေါက် ဆက်တိုက် လာကြဲသွားတာပါ။ စစ်ဘေးဒုက္ခသည်တွေပဲ ရှိတဲ့နေရာကို တမင် ရည်ရွယ်ချက်ရှိရှိ လာပစ်တာဖြစ်လို့ နေရာမှာတင် ၆ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့အထဲမှာလည်း စိုးရိမ်ရတဲ့သူတွေ ပါနေတော့ သေဆုံးသူ ဒီထက် ပိုတိုးလာနိုင် တယ်” ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၆ ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး ၁၁ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ထို့ပြင် ပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင်များစွာလည်း မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်။

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရမှုမတိုင်မီ တစ်ရက်အလို အောက်တိုဘာ ၃ ရက် နံနက် ၁ နာရီမှ ၂ နာရီအတွင်း၌လည်း ရသေ့တောင်မြို့ပေါ် ရပ်ကွက်များနှင့် ပြားချောင်းကြီး၊ ပြင်ခေါင်၊ အငူမော် စသည့် အနီးဝန်းကျင်ကျေးရွာများကို စစ်အုပ်စုတပ်က Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၂၀ ထက်မနည်း ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့မှ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂ ဦးနှင့်  အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦးတို့ သေဆုံးခဲ့ရပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အငူမော်ကျေးရွာတွင်လည်း Y-12 လေယာဉ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြသည်။ ဗုံးများသည် ရသေ့တောင်မြို့ရှိ ကမ်းနားလမ်း၊ အရှေ့တောင်ရပ် ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ သင်္ဘောဆိပ်၊ စိုက်ပျိုးရေးရုံးနှင့် အထက (၂) ကျောင်းအနီးတို့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်များစွာ ပျက်စီးခဲ့ရသည်။

စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ၇ ရက်တာကာလအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ပြည်သူ ၁၅၀ ထက်မနည်း သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကလည်း စစ်အုပ်စုတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

“၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မြန်မာစစ်အုပ်စုက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပစ်မှတ်ထားခံရတဲ့ နေရာက စစ်ရေးလှုပ်ရှားမှုတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင် အရပ်သားတွေပဲ သီးသန့် နေထိုင်တဲ့ နေရာဖြစ်ပါတယ်” ဟု ဖြူစင်ရင်ခွင့် ဖောင်ဒေးရှင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် အာရက္ခတပ်တော် (AA) တို့ကလည်း စစ်အုပ်စုတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားကြသည်။

စစ်အုပ်စုတပ်ဘက်ကမူ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဓာတ်ပုံ – (ယိုးငူ-ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မီးလောင်ပျက်စီးမှုများ / AA Info Desk)