ဖားကန့် စုပေါင်းရုံးရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ အစည်းအဝေး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံး၌ စစ်အုပ်စုတပ် ဖားကန့် ဒုတပ်မမှူးနှင့် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ အစည်းအဝေး ပြုလုပ်နေစဉ် တော်လှန်ရေး ပူးပေါင်းတပ်များက အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အသေခံဒရုန်း (Kamikaze Drone) ဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုတပ် ဒုတပ်မမှူး၊ ရဲမှူးနှင့် စစ်အုပ်စုခန့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ဖားကန့်-ကာမိုင်း လမ်းပိုင်း ပြုပြင်ရေးအတွက် လုပ်ငန်းရှင်များနှင့် အစည်းအဝေး ပြုလုပ်မည်ဆိုသည့် သတင်းကို ကြိုတင် ရရှိထားသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ စုပေါင်းရုံးမှာ အစည်း အဝေး လုပ်နေတယ်ဆိုတဲ့ သတင်းကို အတိအကျ ကြိုရတာနဲ့ အသေခံဒရုန်းသုံးပြီး ဝင်တိုက်ခဲ့တာ။ စစ်အုပ်စု ဘက်က ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိပေမဲ့ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတုန်းပဲ” ဟု ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စုပေါင်းရုံး အနီးပတ်ဝန်းကျင်တွင် သေနတ်သံများ ထွက်ပေါ်လာခဲ့ပြီး စစ်အုပ်စုတပ်က စုပေါင်းရုံးအနီး လမ်းများကို ပိတ်ဆို့ကာ တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။

ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက “တိုက်ခိုက်ခံရပြီးတော့ ပေါက်ကွဲသံရော သေနတ်သံတွေပါ ထွက်လာတယ်။ အဲဒါပြီးတာနဲ့ စစ်တပ်က စုပေါင်းရုံးပတ်ဝန်းကျင် လမ်းတွေကို ချက်ချင်း ပိတ်လိုက်တာပဲ။ လမ်းသွားလမ်းလာ တွေကိုလည်း တော်တော်လေး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်” ဟု မြေပြင်အခြေအနေကို ပြောသည်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ စစ်အုပ်စုတပ်က ပြည်သူ့ စစ်အဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ခပ်စိပ်စိပ် ပြုလုပ်လာသဖြင့် လမ်းကြိုလမ်း ကြား စစ်ဆေးရေး တင်းကြပ်လာသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ ခြိမ်းခြောက် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း ကုဋေနှင့် မှော်ဆီစာ ကျောက်ဝိုင်းဘက်သို့ စစ်အုပ်စုတပ်က စစ်ကြောင်း ထိုးလာသဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကျောက်ဝိုင်းအနီး အိမ်ငှားနေထိုင်သည့် အမျိုးသားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦး သေဆုံးသွားခဲ့သည်။

ထို့ပြင် လုံးခင်းကျေးရွာထဲသို့ စစ်အုပ်စုတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်သဖြင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

အလားတူ အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံမှ ထွက်လာသည့် စစ်အုပ်စု စစ်ကြောင်းက ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ဓါတ်ပုံ – Crd