မလေးရှားကုမ္ပဏီအချို့ မြန်မာစစ်အုပ်စုတပ်ထံ လေယာဉ်အပိုပစ္စည်းများ ရောင်းချနေဟု JFM ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

မြန်မာစစ်အုပ်စုက အရပ်သား ပြည်သူများအပေါ် လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေချိန်တွင် မလေးရှား အစိုးရနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီအချို့ အပါအဝင် မလေးရှား စီးပွားရေး လုပ်ငန်းများသည် မြန်မာစစ်အုပ်စုတပ်ထံ စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် လေယာဉ် အပိုပစ္စည်းများ ရောင်းချ ထောက်ပံ့ပေးနေကြောင်း Justice For Myanmar (JFM) က ထုတ်ဖော် ပြောဆိုလိုက်သည်။

မလေးရှား အစိုးရက စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား တရားဝင် ခရီးစဉ်အဖြစ် လာရောက်ရန် ဖိတ်ခေါ် လက်ခံ ကြိုဆိုရန် ပြင်ဆင်နေချိန်တွင် အဆိုပါ ပူးပေါင်း ကြံရာပါ ပတ်သက်မှုများ ဖော်ထုတ်လိုက် ခြင်းလည်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို JFM က အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် လူ့အခွင့်ရေး တက်ကြွ လှုပ်ရှားနေသူ ကချင်လူငယ်တစ်ဦးကလည်း မလေးရှား အပါအဝင် ပြည်ပကုမ္ပဏီများ၏ ထောက်ပံ့မှု ကြောင့် စစ်အုပ်စု၏ လေကြောင်း အန္တရာယ် ပိုမို ကြီးမားလာရကြောင်း ပြောသည်။

“ဘယ်လိုပဲ ထုတ်ပြန်ချက်တွေ ထုတ်ပြီး တောင်းဆိုနေပါစေ ဘယ်နိုင်ငံကမှ ကျနော်တို့ လူထုတွေ အသက် ဆုံးရှုံးနေရတာတွေကို မစာနာဘူးလို့ပဲ ခံစားရတယ်။ အခု မလေးရှားကလည်း မင်းအောင်လှိုင်ကို တရားဝင် ပုံစံမျိုး လက်ခံလိုက်တယ်။ လူထုကို နေ့တိုင်းသတ်နေတဲ့ ရာဇဝတ်ကောင်ကို သူတို့က ဝိုင်းပြီး အသိအမှတ်ပြု နေတာ။ သူ့ရဲ့ ခရီးစဉ်မတိုင်ခင်လေးမှာ ရခိုင်၊ ချင်း၊ တနင်္သာရီ၊ ကရင် အကုန်ပါပဲ လေကြောင်းကနေ ဗုံးကြဲနေ တာ။ ကျနော်တို့ ကချင်ဆိုလည်း ဒီတိုင်းပဲလေ။ လူထုက နေ့တိုင်း သေနေရတာ။ တရုတ်၊ ထိုင်း၊ မလေး၊ အိန္ဒိယ ဒီနိုင်ငံတွေက အခုလို ဆက်ဆံနေတာတွေ့တော့ အရမ်းအံ့ဩတယ်” ဟု ပြောသည်။

ပေါက်ကြားလာသည့် လျှို့ဝှက် စာရွက်စာတမ်းများနှင့် ကုန်သွယ်ရေး အချက်အလက်များအရ FJ Global၊ Asia AeroTechnic (AAT) နှင့် Skyways Technics Asia ဆိုသည့် မလေးရှား ကုမ္ပဏီ ၃ ခုသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုတပ်၊ ၎င်း၏ ကြားခံ လက်နက်ပွဲစားများနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်ခဲ့ကြပ ြီး တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၊ ဒရုန်းများနှင့် ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများ ရောင်းချပေး ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့ကြသည်ဟု ဆိုသည်။

အထူးသဖြင့် မလေးရှား ဝန်ကြီးချုပ်ရုံး လက်အောက်ခံ အဖွဲ့အစည်းက ရာနှုန်းပြည့် ပိုင်ဆိုင်သော ငွေကြေး ထောက်ပံ့မှု ရရှိထားသည့် FJ Global ကုမ္ပဏီသည် စစ်အုပ်စုတပ်၏ K-8W တိုက်ခိုက်ရေး ဂျက်လေယာဉ်၊ Orlan-10E ဒရုန်း၊ Ka-28၊ Mi-17 နှင့် Mi-2 ရဟတ်ယာဉ်များအတွက် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရန် နိုင်ငံတကာ ပေးသွင်းသူများထံ ဈေးနှုန်း တောင်းခံလွှာများ အကြိမ်ကြိမ် ပေးပို့ခဲ့ကြောင်း JFM က ဖော်ထုတ် ထားသည်။

ထို့ပြင် မလေးရှား အစိုးရ အေဂျင်စီတစ်ခုက ရာနှုန်းပြည့် ပိုင်ဆိုင်သည့် AAT ကုမ္ပဏီထံသို့လည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာစစ်အုပ်စုတပ် အင်ဂျင်နီယာများ သွားရောက်ကာ စစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးအတွက် သွားရောက် ဆွေးနွေးခဲ့ကြသည်။

ရခိုင်ဒေသက လူမှုကယ်ဆယ်ရေး လုပ်နေသူ လူငယ်တစ်ဦးကလည်း “ကျနော်တို့ ဒေသမှာ မြေပြင်မှာ မြို့တွေ၊ ရွာတွေကို လေယာဉ် နဲ့ နေ့တိုင်း ဗုံးကြဲနေတာ။ ကလေးရော၊ လူကြီးရော သေနေကြရတယ်။ အခုဆိုရင် ရခိုင်ကို စစ်အုပ်စုက ဗုံးကြဲရတာ ပိုရဲလာတာပေါ့။ ပြည်သူတွေကို သတ်ဖို့ ပြည်သူတွေကို သေစေချင်လို့ ဒီလို မစာမနာလုပ်နေတာ။ ဒီအောက်တိုဘာလထဲမှာဆိုရင် လေယာဉ်လာမကြဲတဲ့နေ့ကို မရှိဘူး။ ဒါတွေကို ချက်ချင်း တားဆီးပေးစေချင်ပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း မလေးရှား အစိုးရသည် လာမည့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ထောက်လှမ်းရေး အသိုက်အဝန်း ညီလာခံသို့ စစ်အုပ်စု သတင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လေယာဉ်လက်မှတ်နှင့် တည်းခိုစရိတ် ကျခံကာ ဖိတ်ကြားထားသည်။

မလေးရှား အစိုးရ၏ လုပ်ရပ်များနှင့် ပတ်သက်၍ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို မိမိနိုင်ငံ ကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ ဘာမှ မလုပ်ဆောင်ဘဲ၊ စစ်ရာဇဝတ်ကောင် မင်းအောင် လှိုင်ကို မဟုတ်မမှန်တဲ့ တရားဝင်မှု ပေးအပ်ပြီး လူတွေကို သူ့ရဲ့ ရာဇဝတ်စစ်အုပ်စုလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ကျမတို့ ရှုတ်ချပါတယ်” ဟု ပြောသည်။

ထို့ကြောင့် မလေးရှား အစိုးရအနေဖြင့် စစ်အုပ်စုထံ စစ်ဘက်သုံး ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးအပ်နေ သည့် မလေးရှား ကုမ္ပဏီများကို ချက်ချင်း စုံစမ်း စစ်ဆေးပိတ်ပင်ရန်နှင့် စစ်အုပ်စုအား မှားယွင်းသော တရားဝင် မှု ပေးနေခြင်းများကို ရပ်တန့်ရန် JFM က တောင်းဆိုထားသည်။

အလားတူ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့ အနေဖြင့်လည်း မြန်မာ စစ်အုပ်စုတပ်ထံ ပစ္စည်း ထောက်ပံ့ပေးသွင်းနေသည့် ကြားခံပွဲစား ကုမ္ပဏီများကို အမြန်ဆုံး ဒဏ်ခတ် ပိတ်ဆို့ အရေးယူပေးရန် Justice For Myanmar က တိုက်တွန်းထားသည်။

ဓာတ်ပုံ – ( စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် မီးလောင် ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့နယ် ဗျာလ စစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်။ / Crd – AA Info Desk)