‘ဝ’ ထက် ကရင်က အခွင့်အရေး ပိုရထားဟု စစ်အုပ်စု ငြိမ်းချမ်းရေး အကြံပေး ဦးအောင်မင်း ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ကရင်တိုင်းရင်းသားများသည် ကရင်ပြည်နယ် ရရှိထားပြီးသား ဖြစ်သဖြင့် ပြည်နယ် မရရှိသေးသည့် “ဝ” တိုင်းရင်းသားများထက် ပိုမိုအဆင့်မြင့်သည့် အခွင့်အရေးကို ရရှိထားသည်ဟု အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း က ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် အဖွင့်မိန့်ခွန်းတွင် ဦးအောင်မင်းက ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက “ဖက်ဒရယ်မှာ အဓိက အချက် ၂ ချက်ပဲ။ အဲဒါ ဘာလဲဆိုရင် Share Rule နဲ့ Self Rule။ Self Rule ဆိုတာက ဥပဒေကို ကိုယ့်ဘာသာကိုယ် ထုတ်တယ်။ Share Rule ဆိုတာကတော့ ရတဲ့ သယံဇာတ အကျိုးခံစားခွင့်ကို ခွဲဝေပြီး မျှတ ခံစားမယ်ပဲ ဖြစ်တယ်။ အဲတော့ ခင်ဗျားတို့ ဒီ Self Rule ကို ပြောလို့ရှိရင် ခင်ဗျားတို့ ကရင်ပြည်နယ်ဟာ ကရင်ပြည်နယ်ဆိုတဲ့ အခွင့်အရေး ရပြီးသားဖြစ်တယ်။ အဲတော့ ဒါကို နှိုင်းယှဉ် ပြီး ပြောမယ်ဆိုရင် ‘ဝ’ တို့ ဘာတို့က ‘ဝ’ ပြည်နယ် တောင်းတယ်။ အဲတော့ ‘ဝ’ ကို ပြည်နယ် ပေးလို့ မရသေး ဘူး။ ခင်ဗျားတို့က ကရင်ပြည်နယ် ရပြီးသားဖြစ်တဲ့အတွက် ခင်ဗျားတို့က အဆင့်မြင့်ပြီးသား ဖြစ်တယ်” ဟု ပြောသည်။

သို့သော် UWSP/UWSA ဦးဆောင်သည့် “ဝ” တိုင်းရင်းသားများမှာ ပြည်နယ်အဆင့် တရားဝင် မရရှိသေးသော် လည်း ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်တရား စီရင်ရေး စသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နှစ်ပေါင်း ၄၀ နီးပါး အပြည့်အဝ ဖော်ဆောင်ထားနိုင်သည့် အဖွဲ့အစည်း ဖြစ်သည်။

ကရင်တိုင်းရင်းသားများမှာမူ ကရင်ပြည်နယ် ရရှိထားသော်လည်း ဗဟိုအစိုးရ၏ ဝင်ရောက်စွက်ဖက်ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးသည်။

အဆိုပါ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက်များကို စစ်အုပ်စုဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA လမ်းကြောင်းမှတစ်ဆင့်သာ ဆွေးနွေးဆောင်ရွက်ရမည်ဟု ထိန်းချုပ်ထားသည်။

စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် NCA လမ်းကြောင်းမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု ပြောဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။

စစ်အုပ်စု၏ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က “တိုင်းရင်းသားတွေရဲ့ အဆိုပြုချက် အပေါ်မှာမှ အစိုးရနဲ့ တပ်မတော်က ဒါကို ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ခဲ့တာပဲ ရှိတယ်။ တနည်းအားဖြင့် ပြော ရင် NCA ဆိုတာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုတာ ကျနော်တို့ တိုင်းရင်းသားတွေ ဖော်တဲ့ဆေးပဲ။ အဓိက ဖော်တဲ့ဆေးနဲ့ ဆေးညွှန်းတွေက ကျနော်တို့ တိုင်းရင်းသားတွေက ဖော်ခဲ့တဲ့ဆေး။ အခုကျမှ ကိုယ်ဖော် တဲ့ဆေးကို ကိုယ်မစားရဲဘူး ဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့်၊ ဒါကို ကျနော် ပြောချင်တာ” ဟု ပြောသည်။

ထို့ပြင် NSPNC အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းကလည်း NCA စာချုပ်တွင် ဖက်ဒရယ်စနစ် ပါရှိပြီး ဖြစ်၍ မဖျက်ဆီးသင့်ကြောင်း ဆက်လက် ပြောဆိုသည်။

၎င်းက “NCA ထဲမှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတာ ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အဲဒီကိစ္စ မပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဘာပါသလဲဆိုရင် ပါတီစုံ ဒီမိုက ရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတာပဲ ပါတယ်။ ကျနော်တို့ NCA က ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ အခြေခံ ပြည် ထောင်စုကြီး တည်ဆောက်မယ်ဆိုတဲ့အတွက် ကျနော်တို့ထဲမှာ တိုင်းရင်းသားတွေကို ပေးထားတဲ့ အခွင့်အရေး က ပိုပြီးတော့ များတယ်။ အဲတော့ NCA ကို မဖျက်သင့်ဘူး။ ဖက်ဒရယ်ကို ရအောင် လုပ်ထားပြီးသား ဖြစ်တာ ကို ဘာလို့ ဖျက်မှာလဲ” ဟု ပြောသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NCA စာချုပ်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တုံ့ပြန်ထားကြသည်။

တစ်ဖက်တွင် စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း အခြားတစ်ဖက်တွင် ကရင်ပြည် နယ် အပါအဝင် တိုင်းရင်းသား ဒေသများသို့ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။