နိုဘယ်ဆု ကြေညာပြီး နာရီပိုင်းအကြာတွင် ICC ကို ဒဏ်ခတ်ပိတ်ဆို့မည်ဟု အမေရိကန်ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ၏ တရားသူကြီးဟောင်း နာဗီ ပိလီး (Navi Pillay) ၂၀၂၆ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက ICC တရားရုံးအပေါ် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ချမှတ်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို (Marco Rubio) က ICC ကို “တရားဥပဒေမဲ့ တရားရုံး” အဖြစ် စွပ်စွဲလိုက်ပြီး အမေရိကန် နိုင်ငံသားများကို တရားစွဲဆိုခွင့် ပေးမည် မဟုတ်ကြောင်းနှင့် တရားရုံး၏ ဘဏ္ဍာရေးနှင့် ဝန်ဆောင်မှု ကွန်ရက်များကို ဖြတ်တောက်ရန် ပိတ်ပင်သွားမည်ဟု ထုတ်ပြန်သည်။

ယခု ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုတွင် အမေရိကန် ကုမ္ပဏီများအနေဖြင့် ICC ထံ နည်းပညာ၊ ဘဏ်လုပ်ငန်းနှင့် အာမခံ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို တားမြစ်ထားပြီး၊ သက်ဆိုင်ရာ နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းရန်အတွက် အကူးအပြောင်း ကာလ ရက်ပေါင်း ၁၈၀ (၆ လ) ဆိုင်းငံ့ ပေးထားသည်။

အမေရိကန် အစိုးရသည် အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟု အပါအဝင် အရာရှိများအပေါ် ICC က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရန့်သည် အစောပိုင်းကတည်းက နိုဘယ် ငြိမ်းချမ်းရေးဆုကို ရရှိလိုကြောင်း လူထုကို ထုတ်ဖော် ပြောဆိုထားသူ ဖြစ်သည်။

ICC တရားရုံးဘက်ကမူ ယခု လုပ်ရပ်သည် “အပြည်ပြည်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး၏ အုတ်မြစ်ကို တိုက်ခိုက်ခြင်း” ဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး၊ ဥရောပသမဂ္ဂ (EU) အပါအဝင် အဖွဲ့ဝင် ၁၂၅ နိုင်ငံကို တရားရုံး ရပ်တည်နိုင်ရေးအတွက် ကာကွယ်ပေးကြရန် တောင်းဆိုထားသည်။

သို့သော်လည်း အမေရိကန်၏ ဖိအားပေးမှုများ ရှိနေသော်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုရေး လုပ်ငန်းများကို မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဟု ICC က အတည်ပြု ပြောကြားခဲ့သည်။