စစ်တွေ ဒကစ အနီးသို့ AA ထိုးဖောက်ဝင်ရောက်လာပြီး တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်အုပ်စု၏ တပ်နယ်မြေဖြစ်သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးသို့ အာရက္ခ တပ်တော် (AA) တပ်စခန်းအချို့ ထိုးဖောက်ဝင်ရောက်လာပြီး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
စစ်တွေမြို့နှင့် ၅ မိုင်၊ ၆ မိုင်ခန့်အကွာရှိ စစ်အုပ်စု ကာကင်းစခန်းအချို့ကို AA က အောက်တိုဘာလ တတိယပတ် အတွင်း ထိန်းချုပ်လိုက်ပြီးနောက် AA ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်အုပ်စုတပ်သည် စခန်းများကို အပြင်းအထန် ခုခံကာကွယ်နေရသည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “အမြင့်ကျွန်းမှာရှိတဲ့ တပ်မ ၁၀၁ ရဲ့ နည်းဗျူဟာ တစ်ခုကို AA က ပြင်းပြင်းထန်ထန် တိုက်နေတယ်။ ဝါဘိုကျေးရွာကို AA က ပြန်ပြီး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိတယ်။ ရေချမ်းပြင်က ခလရ ၂၇၀ အတွင်းထဲကိုတောင် လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတဲ့ အနေအထား ရှိလာတယ်။ စစ်တပ် တပ်နယ်အနီးကို ဖောက်ဝင်လာတဲ့ အနေအထားပါ။ ရွှေမင်းဂံ ရေတပ်စခန်းနဲ့ စစ်တွေမြို့ကြားမှာ အင်အားတွေ ပို့ဆောင်ထားတယ်၊ ပြီးရင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက် တော အစပ်မှာ တိုက်ပွဲရှိတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) သည် အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ် မြောက်ဖျားပိုင်းရှိ အမြင့်ကျွန်းနှင့် ပါဒလိပ်အနီးရှိ စစ်အုပ်စု ကာကင်းအချို့ကို သိမ်းယူခဲ့ပြီး အမြင့်ကျွန်းနှင့် ရေချမ်းပြင်ဘက်ရှိ ကာကင်း ၅ ခုအထိ သိမ်းပိုက်ထားရာ ရေချမ်းပြင်အနီးတွင် လက်ရှိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
လက်ရှိတွင် စစ်အုပ်စုသည် ခြေလျင်အင်အား ၁,၀၀၀ ကျော်ဖြင့် အမြင့်ကျွန်း၊ မင်းချောင်းတံတား၊ ပါဒလိပ်၊ ရေချမ်းပြင်နှင့် ဂန့်ဂေါ်ကျွန်းဘက်သို့ ထိုးစစ်ဆင်နေသဖြင့် AA နှင့် တိုက်ပွဲများ ပိုမို ပြင်းထန်နေခြင်း ဖြစ်သည်။
အခြားစစ်တွေဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း “အခုရက်ပိုင်း ကြားရတာ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာနားက စအရ ၉၀၈ စခန်းကို AA ဝိုင်းထားတယ်လို့ သိရတယ်။ အဲဒီနေရာဟာ စစ်တွေ မြို့နဲ့ ၅ မိုင်လောက်ပဲ ဝေးတော့တယ်။ စစ်တပ်ဟာ AA သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်သိမ်းဖို့ ကြိုးစားရာ ကနေ မိမိခြေကုပ်နေရာတွေကိုပါ ပြန်ကာကွယ်နေရတဲ့ ပုံစံ ဖြစ်လာသလို AA ဘက်ကလည်း အကျအဆုံးတွေ ရှိတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာအနီး တည်ရှိသော စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၈) စခန်းသည် စစ်တွေမြို့နှင့် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြို့လုံခြုံရေးအတွက် အရေးပါသောကြောင့် စစ်အုပ်စု က ခံစစ်ပြင်ဆင်ထားသည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီဖြစ်သည်။
ထို့ပြင် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အစပ် ရေချမ်းပြင်အနီးရှိ ကာကင်းစခန်းတစ်ခု၊ အောင်မင်္ဂလာ ကျေးရွာဘက်ရှိ ကင်းစခန်းများ၊ အသေးစားစခန်းများနှင့် ရှေ့ပြေးဘန်ကာများကိုလည်း AA က သိမ်းပိုက်ထား သည်။
လက်ရှိတွင် စစ်တွေမြို့နယ်အပါအဝင် ပုဏ္ဏားကျွန်းနယ်စပ်ရှိ ရွှေမင်းဂံရေတပ်စခန်း၊ ကံ့ကော်ကျွန်း၊ ဇော်မတက်၊ တောကန်နှင့် နာရီကန် ဝန်းကျင်တို့တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
ဓါတ်ပုံ – (AA တပ်ဖွဲ့ဝင်အချို့ / Arakan Princess Media)