ငပြီကျွန်းကမ်းတက်တိုက်ပွဲတွင် စစ်အုပ်စု အကျအဆုံးများပြီး ထပ်မံကမ်းတက်ရန် ကြိုးစားနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့အရှေ့ဘက် ပေါက်တောမြို့နယ်အပိုင် ငပြီကျွန်းပေါ်တွင် စစ်အုပ်စုတပ်က အကျအဆုံးများ စွာဖြင့် ဆက်လက် ကမ်းတက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

လက်ရှိ အခြေအနေအရ ကမ်းတက်နိုင်ခဲ့ပြီး ကျွန်းပေါ်တွင် ကျန်ရှိနေသည့် စစ်အုပ်စု လက်ကျန်စစ်သား အများစု မှာ လက်နက်ချ အလင်းဝင်ရောက်မှုများ ရှိနေသကဲ့သို့ သေဆုံးမှုများလည်း ရှိနေသည်။

စစ်အုပ်စု၏ ငပြီကျွန်း ကမ်းတက်ရန် ကြိုးပမ်းသည့် တိုက်ပွဲများတွင် အထိအခိုက်နှင့် အကျအဆုံး အင်မတန် များပြားခဲ့ပြီး ပထမဦးဆုံး ကမ်းတက်ရန် ကြိုးစားသည့်နေ့မှာပင် အတပ်ဖွဲ့ဝင် ၅၀ ခန့် ကျဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“တချို့တွေ ကမ်းပေါ်ရောက်လာတဲ့သူတွေလည်းပဲ ထိခိုက်၊ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေ ရှိပါတယ်။ နောက် ပိုင်းလည်းပဲ သူတို့ဘက်က ဆက်တိုက် ကမ်းတက်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တွေမှာလည်းပဲ အထိအခိုက်၊ အကျ အဆုံးတွေ အင်မတန်များပါတယ်။ အေအေဆီမှာ အညံခံလိုက်ရတာတွေ များတော့ ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်းသုံး တိုက်နေတာ အခုတော့ အားပျော့သွားပြီ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ငပြီကျွန်းတိုက်ပွဲအတွင်း စစ်အုပ်စု တပ်သားများမှာ ရိက္ခာပြတ် လပ်ပြီး လက်နက်ချ အလင်းဝင်ရောက်ခဲ့မှုများ ရှိခဲ့သလို ကျေးရွာအချို့တွင် အဆက်အသွယ် ပြတ်တောက်နေ သည့် တပ်စိပ် အချို့လည်း ရှိနေဆဲ ဖြစ်သည်။

ဒေသခံ အမျိုးသား တစ်ဦးက “လေယာဉ်တွေနဲ့ ငပြီကျွန်းဘက်ကို ဗုံးကြဲတာတွေရှိနေပေမယ့် ကမ်းတက်ဖို့ လုပ်တဲ့ သင်္ဘောတွေတော့ မတွေ့တော့ဘူး၊ ရွှေမင်းဂံ ရေတပ်စခန်းကလည်း ပုဏ္ဏားကျွန်းနယ်စပ်ကို အာရုံစိုက် ရတော့ ဒီဘက်သိပ် မလာတော့ဘူး။ အေအေက ပြန်ထိန်းထားတယ်လို့ပြောနေတယ်။ ကျွန်းပေါ်မှာ ကျန်နေတဲ့ စစ်သားတွေ ငါးကန်၊ ပုဇွန်ကန်တွေမှာ ပုန်းနေတယ်လို့ ကြားတယ်၊ အေအေက မကြာခင် ဖမ်းမိမယ် ရိက္ခာတွေ လည်း ပြတ်နေတယ်” ဟု ပြောသည်။

စစ်အုပ်စုသည် Y-12 ထောက်ပို့လေယာဉ်များနှင့် တိုက်လေယာဉ်  ၁၀ စီး ကျော်၊ စစ်သင်္ဘော ငါးစီးခန့်ဖြင့် ပစ်ကူပေးကာ အောက်တိုဘာ ၇ ရက်နေ့က ငပြီကျွန်းပေါ်သို့ စတင် ကမ်းတက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁၇ ရက်နောက်ပိုင်းတွင် ဒုတိယအကြိမ် ကမ်းထပ်တက်ရန် ကြိုးပမ်းခဲ့သော်လည်း အထိအခိုက် အကျအဆုံးများပြားကာ ကမ်းမတက်နိုင်တော့ဘဲ ဖြစ်နေသည်။

လက်ရှိတွင် အာရက္ခတပ်တော်က စစ်တွေမြို့ပတ်လည် အခြေစိုက်တပ်ရင်းများနှင့် ဒကစတို့နှင့် အနီးဆုံးအထိ ချဉ်းကပ်ထားပြီး မြင့်ကျွန်းဝန်းကျင်ရှိ စစ်တပ်စခန်းများနှင့် ဝါဘိုအနီးဝန်းကျင် စခန်းများကိုလည်း သိမ်းပိုက်ရယူ ထားသည်။

ဓာတ်ပုံ – (ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ စစ်ရေးလေ့ကျင့်နေကြစဉ် – ပုံဟောင်း။ / AA Info Desk)